အင်အားသုံးထိုးစစ်ဆင်နေသည့်စစ်ကောင်စီတပ် ဖားကန့်တိုက်ပွဲအတွင်း အထိနာနေ

by

in

အင်အားသုံးထိုးစစ်ဆင်နေသည့်စစ်ကောင်စီတပ် ဖားကန့်တိုက်ပွဲအတွင်း အထိနာနေ
မေ ၁၀၊၂၀၂၅။သက်ဝေ/People’s Spring
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တိုက်ပွဲများအတွင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ် အထိနာသည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
ဧပြီကတည်းက ဖားကန့်မြို့နယ်အတွင်း စစ်ကောင်စီတပ်၊ ပြည်သူ့စစ် ပူးပေါင်းတပ်များက ထိုးစစ်ဆင်လျက်ရှိရာ မေလဒုတိယပတ်အထိ တိုက်ပွဲပြင်းထန်နေသည်။
“ဖားကန့်လမ်းတိုက်ပွဲ စစ်ကောင်စီတပ် အထိနာပြီး တပ်ပြန်ဆုတ်ရ။စကစ တပ်ဆုတ်နေရတယ်။ ကပ်မှော်ဇွပ်အထိ တပ်လှန်ကျနေ။ဖားကန့်ကို စစ်အင်အားဖြည့်ပြီး ပြန်လည်ထိန်းချုပ်ချင်နေတာ။ ဝှေခါမှော်နဲ့ ဆိုင်းတောင်၊ ကျန်နေရာတွေကို ပြန်လည်ရယူထိန်းချုပ်ဖို့ပါ” ဟု ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောသည်။
ကပ်မှော်ကျေးရွာတွင် မေလ ၈ရက်က တနေကုန် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီ တပ်စွဲရာနေရာအချို့ကို KIAက သိမ်းပိုက်ထားသည်။ စစ်ရေးအခြေအနေ အသေးစိတ် အခြေအနေကို မသိရသော်လည်း ဖားကန့်မြို့နယ်အတွင်း မေလတိုက်ပွဲများ၌ စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားခဲ့ဟု ကချင်သတင်းရင်းမြစ်တဦးက ပြောသည်။
အခြား စစ်ရေးသတင်းရင်းမြစ်ကလည်း စစ်ကောင်စီအနေဖြင့် ၎င်းတို့၏ ဖားကန့်ဒေသပြန်လည်ထိန်းချုပ်နိုင်ရေး စစ်ရေး ရည်မှန်းချက်အတိုင်း အကောင်အထည်မဖော်နိုင်ဘဲ တပ်ပြန်ဆုတ်နေရသည်ဟု ပြောသည်။
မေလ ၇ရက် ကပ်မှော်နှင့် တံတားညီနောင်ကြား တိုက်ပွဲတွင်လည်း စစ်ကောင်စီတပ် ထိခိုက်သေဆုံးရှိခဲ့သည်ဟု ဆိုသည်။ မေလ ၅ရက်က ဖားကန့်လမ်းပိုင်း ကပ်မော်ရွာတိုက်ပွဲ၌ စစ်ကောင်စီတပ် အထိနာခဲ့သည်ဟု ကချင်သတင်းရင်းမြစ်က ပြောသည်။ မေလ ၁ရက် ဖားကန့်မြို့နယ် လဝါးကျေးရွာ တိုက်ပွဲတွင်လည်း စစ်ကောင်စီတပ် သေဆုံးမှုရှိပြီး လက်နက်ခဲယမ်းများ သိမ်းရဟု သတင်းရင်းမြစ်တို့က ပြောထားသည်။
ဧပြီ ၂၄ရက် ဖားကန့်လမ်းပိုင်း မအူပင်ရေကာတာတိုက်ပွဲအတွင်း စစ်ကောင်စီတပ် အထိနာခဲ့ပြီး လက်နက်ခဲယမ်းများစွာ သိမ်းရခဲ့ဟု စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးသည်။
အထိနာသည့် စစ်ကော်စီတပ်သည် ကပ်မှော်ရွာအနီး ဆိုင်းဖရာကျေးရွာ၌ ရှိနေပြီး ရှေ့ဆက်တိုးလာနိုင်သည်ဟု သတင်းရင်းမြစ်က အသိပေးထားသည်။
“ဖားကန့် မရောက်သေးပါဘူး၊ တောင်စတက်တဲ့နေရာလို ပြောလိုရတဲ့ နေရာပေါ့၊ ဆိုင်ဖရာရွာ၊ တံတားညီနောင်ကနေ့ ဖားကန့်ဘက်ကို တောင်စတက်ရတဲ့ နေရာပေါ့ ၊ တံတားညီနောင်ကျော်ရင် စကစ သေတွင်းသက်သက်ပါပဲ၊ အားလုံးကပစ်ကွင်းထဲမှာကြီးပါ၊ ၁၉၇၀ နောက်ပိုင်း ဖားကန့်လမ်းတိုက်ပွဲမှာ စကစတပ် အသေအပျောက်အများဆုံးနေရာ ရုံးတောင်နဲ့ နန့်တိမ်ကြားကနေရာတွေပဲ၊ အတိုအပြတ်တွေ့နဲ့ သေကြရတဲ့ စခသင်္ဂျိုင်းနေရာတွေ့ပေါ့၊ ညပ်ပစ်ခံရတဲ့ နေရာမျိုး၊ ရင်ကွဲတောင် ပုံစံတွေ့လေ” ဟု ကချင်သတင်းရင်းမြစ်က စစ်ကောင်စီတပ်များ ကြုံရနိုင်သည့် အခြေအနေကို ပြောသည်။
KIAက ဖားကန့်တိုက်ပွဲအကြောင်း အသေးစိတ်ထုတ်ပြန်ဖော်ပြခြင်းမရှိသော်လည်း ကာမိုင်းမြို့ရှိ စစ်ကောင်စီတပ်သည် အင်အား ၅၀၀ခန့်ဖြင့် မေလ ၁ရက်တွင် ထိုးစစ်ဆင်လာ၍ KIAက ခုခံတိုက်ခိုက်လျက်ရှိရာ တိုက်ပွဲပြင်းထန်ခဲ့ပြီး ဖားကန့်-ကာမိုင်း လမ်းကိုလည်းနှစ်ဖက်က ပိတ်ထားကြောင်း အသိပေးသည်။
ထို့ပြင် နန့်ယားကျေးရွာအနီး တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးရှိခဲ့ပြီး စစ်ကောင်စီဘက်က သေဆုံးမှုများကြောင်း၊ လဝါးရွာအနီး ဆုတောင်းတောင်၌ တပ်စွဲထားသည့် စစ်ကောင်စီနှင့် မင်းဇေသန့် ပြည်သူ့စစ်ကိုလည်း မေလ ၂ရက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာန၏ မေလ ၄ရက်ညပိုင်း သတင်းဖော်ပြချက်၌ ဖော်ပြသည်။
စစ်ကောင်စီ၊ မင်းဇေသန့် ပြည်သူ့စစ်နှင့် လီဆူဒူးလေး ပြည်သူ့စစ်သည် လဝါး ၊ ခွန်ဆိုင်ယန်ရွာမှ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ရာ အိမ်ခြေ ၂၀၀ ကျော်ပျက်စီးခဲ့သည်ဟု အသိပေးထားသည်။
(ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ ရဲဘော်တစ်ဦး ရှေ့တန်းတနေရာ၌ တွေ့ရစဉ်။ ဓာတ်ပုံ – CJ)