”ခင်ဗျားတို့ စစ်ကောင်စီတပ်ကို လုံးဝ ပျက်သုန်းသွားတဲ့အထိ ကျနော်တို့ ချေမှုန်းမယ်။ သုတ်သင်မယ်။ ပြီးတော့ ခင်ဗျားတို့ စစ်ကောင်စီတပ်ကို တစ်ယောက်ချင်းစီ စစ်ခုံရုံးကို ဂုတ်စွဲပြီး ခေါ်တဲ့အဆင့်ထိရောက်အောင် ကျနော်တို့ ကြိုးစားသွားမယ်လို့ အသိပေးသတိပေးချင်တယ်”
တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွင် အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနှင့် ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (TRI) ဗျူဟာမှ ဗျူဟာမှူး ကိုနွယ်နီ၏ သတိပေးပြောကြားချက် (ရုပ်/သံ)
အရပ်သား ဦးတည်သည့် လေကြောင်းတိုက်ခိုက်မှုများအတွက် စစ်ကောင်စီ တာဝန်ယူရမည်ဟု PDF TRI ဗျူဟာမှူး သတိပေး…
မေ ၁၀၊ ၂၀၂၅
တော်လှန်ရေးတပ်တွေ ထိန်းချုပ်စိုးမိုးထားတဲ့ နယ်မြေတွေမှာ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ စစ်ရာဇဝတ်မှုတွေအဖြစ် မှတ်တမ်းတင်ထားပြီး တာဝန်ယူစေရမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (TRI) ဗျူဟာမှူး ကိုနွယ်နီက သတိပေးပြောကြားလိုက်ပါတယ်။
တော်လှန်ရေးတပ်တွေရဲ့ စိုးမိုးနယ်မြေတွေအတွင်း စစ်ကောင်စီတပ်ရဲ့ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ပြင်းပြင်းထန်ထန် ရှုံ့ချတယ်လို့ ဗျူဟာမှူး ကိုနွယ်နီက ပြောပါတယ်။
“ကျနော်တို့က စစ်သားတွေ၊ ကျနော်တို့က ကိစ္စမရှိဘူး၊ အစောကြီးကတည်းက သေဖို့ကို ရွေးချယ်ထားပြီးသား၊ အရပ်သားတွေ အစုလိုက်အပြုံလိုက် သေကြေပျက်စီးအောင် လုပ်ဖို့ ညွှန်ကြားလာတဲ့ အမိန့်တွေ မနာခံဖို့ ဆိုတာလည်း ကျနော်တို့ စစ်သားကောင်းတွေ သိသင့်သိထိုက်တဲ့ အချက်ပဲ၊ ဒါကို စစ်ကောင်စီရဲ့ တပ်သားတွေလည်း သိရမယ်” လို့လည်း TRI ဗျူဟာမှူးက ပြောပါတယ်။
စစ်အာဏာရှင်စနစ် လက်အောက်ခံ တပ်တွေဟာ အရပ်သားပြည်သူတွေအပေါ် လေကြောင်းကနေ ရက်စက်စွာ တိုက်ခိုက်မှုတွေ ဆက်လက်ပြုလုပ်နေတာကို စစ်ရာဇဝတ်မှုအဖြစ် မှတ်တမ်းတင်ထားပြီး ဒီလို လူမဆန်တဲ့ ရက်စက်မှုတွေအတွက် တာဝန်ယူစေရမယ်လို့လည်း ဗျူဟာမှူး ကိုနွယ်နီက သတိပေးပြောကြားထားပါတယ်။
“မလုပ်သင့် မလုပ်ထိုက်တာတွေ လုပ်ပြီး အခုလို အရပ်သားတွေကို ထိခိုက်သေဆုံးအောင် လုပ်တဲ့ စစ်ကောင်စီတပ်ကို သုတ်သင်မယ်၊ ချေမှုန်းမယ်၊ ခင်ဗျားတို့ စစ်ကောင်စီတပ်ကို အယောက်ချင်းစီ စစ်ခုံရုံးကို ရောက်အောင် ကြိုးစားသွားမယ်လို့ အသိပေး၊ သတိပေးချင်တယ်။ ပြည်သူတွေကို သိစေချင်တာကတော့ ကျနော်တို့ PDF တွေ ရှိတဲ့နေရာဖြစ်ဖြစ်၊ မရှိတဲ့နေရာဖြစ်ဖြစ် ဟိုးအရင် ပြည်တွင်းစစ်တွေကလိုပဲ အရပ်သားတွေ ရှိတဲ့နေရာ ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်ဆိုတာကိုပဲ” လို့ TRI ဗျူဟာမှူးက ပြောပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (TRI) ဗျူဟာအနေနဲ့ အရပ်သား ပြည်သူတွေရဲ့ ဘဝလုံခြုံရေး အတွက် အဆုံးထိ တိုက်ပွဲဝင်သွားမယ်လို့ ကတိသစ္စာပြုကြောင်း ထုတ်ပြန်ထားပါတယ်။