မန္တလေးတွင် ငလျင်ကြောင့် တိမ်းစောင်းသွားသည့် အန္တရာယ်ရှိ နေအိမ်၊ တိုက်တာအဆောက်အအုံများ ဖြိုဖျက်ရန် စည်ပင်သို့ လျှောက်ထားသော်လည်း အနည်းဆုံး ၃ လ စောင့်ခိုင်း၊ငွေပေးသူများကို စည်ပင်က ဦးစားပေး

by

in

မန္တလေးတွင် ငလျင်ကြောင့် တိမ်းစောင်းသွားသည့် အန္တရာယ်ရှိ နေအိမ်၊ တိုက်တာအဆောက်အအုံများ ဖြိုဖျက်ရန် စည်ပင်သို့ လျှောက်ထားသော်လည်း အနည်းဆုံး ၃ လ စောင့်ခိုင်း၊ငွေပေးသူများကို စည်ပင်က ဦးစားပေး
ရန်ကုန်၊ မေ ၉

မန္တလေးတွင် ငလျင်ကြောင့် နေအိမ်တိုက်တာအဆောက်အအုံ တိမ်းစောင်းသွားသည့် အိမ်ပိုင်ရှင်များက အန္တ ရာယ် ရှိနေသည့် နေအိမ်များဖြိုချရန် မန္တလေးမြို့တော်စည်ပင်သို့ လျှောက်လွှာတင်သော်လည်း အနည်းဆုံး ၃ လ စောင့်ခိုင်းပြီး ငွေကြေးပေးသူများကို စည်ပင်က ဦးစားပေး အိမ်ဖြိုပေးနေကြောင်း မန္တလေးမှ အိမ်ပိုင်ရှင်များက ပြောဆိုသည်။
မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ စစ်ကိုင်းငလျင်ကြီးကြောင့် မန္တလေးတွင် အထပ်မြင့်တိုက်တာအများစု တိမ်းစောင်းပြိုကျလုလုဖြစ်နေရာ အန္တရာယ်ရှိသဖြင့် ပြည်သူများက မြို့တော်စည်ပင်သို့ ဖြိုဖျက်ပေးရန် လျှောက်လွှာတင်ကြကြောင်း၊ သို့ရာတွင် မြို့တော်စည်ပင်က အနည်းဆုံး ၃ လစောင့် ရမည်ဟု ပြောဆိုကြောင်း၊ သို့ရာတွင် ငွေကြေးပေးသူများကို မန္တလေးစည်ပင်က ဦးစားပေး၍ ဖြိုဖျက်ပေးနေကြောင်း သိရှိရသည်။
“ကျနော်တို့ရပ်ကွက်နဲ့လမ်းပေါ်မှာ စိန်ပန်းကွန်ဒိုက တိမ်းစောင်းနေတာ ဖြိုဖျက်ပေးဖို့ သွားပြောတယ်။ စည်ပင်ကို စာတင်တယ်။ အနည်းဆုံး ၃ လ စောင့်ရမယ်ပြောတယ်။ ကွန်ဒိုဆောက်တဲ့သူကလည်း ဘာမှ တာဝန်မယူဘူး။ မန္တလေးစည်ပင်က အရေးကြီးတာတွေ ဦးစားပေးနေလို့ ဒီဘက်ကို မလာနိုင်သေးဘူးလို့ ပြောတယ်။ အဲဒါ အခြားရပ်ကွက်က ကျနော်တို့နဲ့အတူ သွားတင်တဲ့ သူတွေကျတော့ ချက်ချင်းလိုက်ဖြိုပေးတယ်။ မေးကြည့်တော့မှ ရေလောင်းလိုက်တာတဲ့( လာဘ်ငွေပေးသည်)။ ငွေပေးတဲ့သူကို ဦးစားပေးပြီး လိုက်ဖြိုပေးနေတာ” ဟု မန္တလေးမြို့မှ ပြည်သူတစ်ဦးက ပြောဆိုသည်။
ထို့ပြင် လက်ရှိ ပြိုကျလုလု တိမ်းစောင်းနေသော အထပ်မြင့်တိုက်တာများမှာ လာမည့် မိုးတွင်းကာလ မိုးများလျှင် မြေနိမ့်ပြီး ထပ်မံပြိုကျနိုင်ကြောင်း၊ လမ်းသွားလမ်းလာလျှင် ရပ်ကွက်နေပြည်သူများအတွက် အန္တရာယ် ကြီးမားကြောင်း၊ သို့ရာတွင် စစ်ကောင်စီနှင့် စည်ပင်က ချက်ချင်းဆောင်ရွက်ပေးမှုမရှိဘဲ လပေါင်းများစွာ အချိန်စောင့်ခိုင်းနေကြောင်း ပြည်သူများက ဆိုကြသည်။
စစ်ကိုင်းငလျင်ကြောင့် တိမ်းစောင်းနေသော အထပ်မြင့်တိုက်တာတချို့ ပြိုကျအက်ကွဲမှုများဖြစ်ပွားလျက်ရှိပြီး မေလ ၄ရက် နေ့လယ်ပိုင်း မန္တလေးမြို့၊ ၁၅လမ်း၊ ၈၂ A လမ်းထောင့်ရှိ ၈ထပ်တိုက်တစ်လုံးမှာ ပြိုကျပြီး အောက်ဆုံး ၂ ထပ် မြေကြီးထဲသို့ နစ်မြုပ်သွားခဲ့ကြောင်း သိရှိရသည်။
အလားတူ ဧပြီလ ၁၅ ရက်နေ့ ညနေပိုင်း မိုးများ ရွာသွန်းမှုကြောင့် မန္တလေးမြို့ ၂၆လမ်း၊ ၈၀×၈၁ လမ်းရှိ ၃ ထပ် Fine Store အဆောက်အအုံမှာ ငလျင်ဒဏ်ကြောင့် တိမ်းစောင်း ခဲ့ရာမှ မိုးရွာသွန်းချိန်တွင် လုံး၀ ပြိုကျသွားခဲ့သည်။
ဓာတ်ပုံ- ပြိုကျရန် အန္တရာယ်များနေသော မန္တလေး၊ စိန်ပန်းကွန်ဒို။