ကြံခင်းတွင် ကျေးရွာအုပ်ချုပ်ရေးမှူးက ဒေသခံလူငယ်များကို ခဏလိုက်ခဲ့ပါဟုပြောဆိုပြီး စစ်သင်တန်းသို့ပို့

by

in

ကြံခင်းတွင် ကျေးရွာအုပ်ချုပ်ရေးမှူးက ဒေသခံလူငယ်များကို ခဏလိုက်ခဲ့ပါဟုပြောဆိုပြီး စစ်သင်တန်းသို့ပို့
ဧရာဝတီတိုင်းမ်
မေ ၈ ရက်
ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်တွင် စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးက ဒေသခံလူငယ်များကို ခဏလိုက်ခဲ့ပါဟုပြောဆိုပြီး စစ်မှုထမ်းဆောင်ရန် စစ်သင်တန်းသို့ ပို့ဆောင်နေကြောင်း ဒေသခံများထံမှ သိရသည်။
ဒေသခံလူငယ်များကို ပြည်သူ့စစ်မှုထမ်းဆောင်ရန် ပို့ဆောင်နေသည့် စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးမှာ ကွင်းကြီးအုပ်စုမှ ငကျော် (ခ) ဥဦးကျော်ကျော်ဖြစ်ကြောင်း ဒေသခံများကပြောသည်။
“သူ့မှာ အာဏာရှိတယ်၊ လုပ်ပိုင်ခွင့်ရှိတယ်၊ သူလုပ်ချင်ရင် ဘာဖြစ်ဖြစ် လုပ်လို့ရတယ်လို့ အုပ်စုမှာ အမြဲပြောတယ်။ သူခေါ်လို့ မလိုက်ရင် မိသားစုကိုပါ ခြိမ်းခြောက်တယ်” ဟု ကွင်းကြီးအုပ်စုရှိ ဒေသခံတစ်ဦးက ဧရာဝတီတ်ိုင်းမ်ကိုပြောသည်။
ကွင်းကြီးအုပ်စုတွင် ကျေးရွာငါးရွာရှိပြီး အဆိုပါ အုပ်ချုပ်ရေးမှူးသည် ပြည်သူ့စစ်မှုထမ်းအကြောင်းပြ ငွေအမျိုးမျိုးတောင်းယူသည့်အပြင် ငွေထည့်ဝင်သူအချို့ကိုလည်း စစ်မှုထမ်းဆောင်ရန် ထပ်မံခေါ်ယူကြောင်း ဒေသခံများကပြောဆိုသည်။
ထို့ပြင် ၎င်းထည့်လိုက်သည့် ပြည်သူ့စစ်မှုထမ်းအချို့မှာ မိသားစုများနှင့် အဆက်အသွယ်မရကြပဲ စစ်မှုထမ်းအကြောင်းပြ စုဆောင်းထားသည့် ငွေကြေးများကိုလည်း ထောက်ပံ့ပေးချင်းမရှိသည့်အပြင် မိမိကိုယ်ကျိုးအတွက် အသုံးပြု၍ ကြီးပွားချမ်းသာနေသည်ဟု ဒေသခံများက ပြောကြားသည်။
ဧရာဝတီတိုင်းအတွင်းတွင် အုပ်ချုပ်ရေးမှူးများ အသတ်ခံနေရရာ ငပုတောမြို့နယ် ၊ ကျုံကူးတိုက်နယ်၊ ရေတွင်းကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးသည် ပြည်သူ့စစ်မှုထမ်း စုဆောင်းရာတွင် ခြိမ်းခြောက်ပြောဆိုမှုများကြောင့် မေ ၆ ရက်နေ့က ဓားခုတ်ခံရ၍ သေဆုံးမှုဖြစ်ပွါးခဲ့သည်။
ပြီးခဲ့သည့်ဧပြီလအတွင်းကလည်း ဧရာ၀တီတိုင်း၊ ကျုံပျော်မြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှကြိုင် သေနတ်နှင့်ပစ်ခတ်ခံရကာသေဆုံးခဲ့ပြီး ဟင်္သာတမြို့နယ်၊ သံနွံသနော့ ကျေးရွာအုပ်ချုပ်ရေးမှူးဦးမောင်ဖြူ ဓားခုတ်ခံရကာသေဆုံးခဲ့သည်။
ဓာတ်ပုံ- ကွင်းကြီးအုပ်စု စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူး
ငကျော် (ခ) ဦးကျော်ကျော်
#ကြံခင်း #ကျေးရွာအုပ်ချုပ်ရေးမှူး #ဒေသခံလူငယ်တွေကို #ခဏလိုက်ခဲ့ပါဟုပြော #စစ်မှုထမ်းဆောင်ခိုင်း #Ayeyarwaddy_Times