ပြင်ဦးလွင်ရှိ စစ်တပ် စာသင်ကျောင်းများတွင် စစ်အရာရှိများ၏ ဇနီး ကျောင်း ဆရာမများ ကျောင်းလုံး၀ မတက်တော့ဘဲ ထွက်ပြေးတိမ်းရှောင်၊ ပြင်ဦးလွင်တွင် ယမန်နေ့ညပိုင်း လက်နက်ကြီးသံများ ဆူညံနေခဲ့

by

in

ပြင်ဦးလွင်ရှိ စစ်တပ် စာသင်ကျောင်းများတွင် စစ်အရာရှိများ၏ ဇနီး ကျောင်း ဆရာမများ ကျောင်းလုံး၀ မတက်တော့ဘဲ ထွက်ပြေးတိမ်းရှောင်၊ ပြင်ဦးလွင်တွင် ယမန်နေ့ညပိုင်း လက်နက်ကြီးသံများ ဆူညံနေခဲ့

ရန်ကုန်၊ စက်တင်ဘာ ၂

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်ရှိ စစ်တပ်စာသင်ကျောင်းများတွင် စစ်အရာရှိများ၏ ဇနီ ကျောင်းဆရာများ ကျောင်းလုံး၀ မတက်တော့ဘဲ ထွက်ပြေး တိမ်း ရှောင်ပြီး စာလည်း မသင်တော့ကြောင်း ပြင်ဦးလွင် တပ်သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောဆိုကြသည်။

ပြင်ဦးလွင်မြို့ အမှတ် ၃ အခြေခံပညာအထက်တန်းကျောင်း အပါအဝင် ကကပြည် လက်အောက်ခံ တပ်ကျောင်းများတွင် စစ်အရာရှိကြီးများ၏ ဇနီး ကျောင်း ဆရာမများ စစ်ပွဲ ဖြစ်လာတော့မည်ကိုအကြောင်းပြပြီး ကျောင်းလုံးဝ မတက်တော့ကြောင်း၊ စာလည်း မသင်တော့ကြောင်း၊ သို့ရာတွင် လစာပုံမှန်ထုတ်ယူ စားသောက်နေကြကြောင်း သိရှိရသည်။

“စစ်တပ်လက်အောက်ခံ အခြေခံမူလတန်း၊ အလယ်တန်းနဲ့ အထက်ကျောင်းတွေမှာ စစ်အရာရှိ ဇနီး ကတော် ကျောင်းဆရာမတွေက ကျောင်း လည်း မတက်တော့ဘူး။ တချို့တွေကတော့ ထွက်ပြေးကုန်ကြတာ။ တချို့တွေကတော့ ကျောင်းမတက်ဘဲ မလာကြတော့တာ။ စာလည်းမသင်တော့ဘူး။ ကျောင်းသားတွေ စာမသင်ရတာ ၂ လ လောက်ရှိပါပြီ။ မြို့နယ်တို့ ခရိုင်တို့ကလည်း ဘာမှ ထိထိရောက်ရောက်အရေးမယူရဲဘူး။ ပြီးတော့ စာသင်ကျောင်းတွေမှာ ရာထူးအလိုက်ခွဲခြားဆက်ဆံပြီး တပ်ပုံစံအုပ်ချုပ်နေပါတယ်” ဟု တပ်သတင်းရင်း မြစ်က ပြောဆိုသည်။

ထို့ပြင် ယမန်နေ့ ည ၇ နာရီ ပြင်ဦးလွင်တွင် စစ်ကောင်စီတပ်များက လက်နက် ကြီးမျာဖြင့် အဆက်မပြတ်ပစ်ခတ်ခဲ့ပြီး လက်နက်ကြီးအလုံးရေ ၃၀ နီးပါး ပစ်ခတ်ခဲ့ကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

“ပြင်ဦးလွင်က အမြောက်တွေနဲ့ မနေ့ ည ၇ နာရီခန့်မှစ၍ ပစ်ခတ်သံကြားရတယ်။ ပစ်ခတ်သံ အလွန်စွာကျယ်လောင်ခဲ့တယ်။ ပြင်ဦးလွင်ဘက်က နောင်ချိုတောင်ခမ်းဘက်ကို လှမ်းပစ်တာလို့ သိရတယ်။ ပြင်ဦးလွင်တစ်မြို့လုံးတော့ မနေ့ညက အထိတ်တလန့်ဖြစ်ခဲ့ရတယ်” ဟု ပြင်ဦးလွင်ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

လတ်တလော ပြင်ဦးလွင်တွင် စစ်ကောင်စီတပ်က လုံခြုံရေးများ အထူးတိုးမြှင့်ထားပြီး ရပ်ကွက်များအတွင်းသို့ လူစိမ်းဝင်ရောက်လျှင် ချက်ချင်းအကြောင်း ကြား ရန် ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များထံသို့ စစ်ကောင်စီက ညွှန်ကြားထားကြောင်း သိရှိရသည်။

ဓာတ်ပုံ- ယခုရက်ပိုင်း မြို့ကြီးများတွင် ကင်းလှည့်နေသည့် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ။