မင်းအောင်လှိုင် ရုရှား ရောက်ရှိချိန် ယူကရိန်းက ရုရှားနိုင်ငံ၊ မော်စကိုမြို့ကို တာဝေးပစ်ဒရုန်းများဖြင့် တတိယနေ့ အဖြစ် ဆက်လက်တိုက်ခိုက်၊ မော်စကိုလေဆိပ်တွင် လေကြောင်းခရီးစဉ် ၂၄၀ ကျော် ဖျက်သိမ်းရွှေ့ဆိုင်း
ရန်ကုန်၊ မေ ၈
မင်းအောင်လှိုင်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ရုရှားကကြိုဆိုပုံ ဘယ်လိုကွာလဲ
————–
နက်ဖန်မှာပြု လုပ်မယ့် ရုရှားနိုင်ငံရဲ့ ဒုတိယကမ္ဘာစစ် အောင်ပွဲအခမ်းအနားတက်ရောက်ဖို့နဲ့ ရုရှားသမ္မတဗလာဒီမာပူတင်နဲ့ တွေ့ဆုံဆွေးနွေးဖို့ တရုတ်သမ္မတရှီကျင့်ဖျင်က မနေ့ညက မော်စကိုမြို့ကို ရောက်လာခဲ့ပါတယ်။
ဒီခရီးစဥ်မှာ တရုတ်နဲ့ ရုရှားတို့ နှစ်ဖက်သဘောတူညီမှုဆိုင်ရာ စာချုပ်တွေလည်း ရေးထိုးမယ်လို့သိရပါတယ်။
အလားတူဒီအခမ်းအနားကို တက်ရောက်ဖို့ စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်လည်း မနေ့ညက မော်စကိုမြို့ကို ရောက်ရှိခဲ့ပါတယ်။
ရုရှားနိုင်ငံရဲ့ ဒုတိယကမ္ဘာစစ် အောင်ပွဲ စစ်ရေးပြအခမ်းအနားကို မြို့တော် မော်စကိုက ရင်ပြင်နီမှာ နက်ဖန် ပြုလုပ်မှာဖြစ်ပါတယ်။
ဒီခရီးစဥ်မှာမင်းအောင်လှိုင်နဲ့ ပူတင် ထပ်မံတွေ့ဆုံမလား၊ မင်းအောင်လှိုင်နဲ့ ရှီကျင့်ဖျင်တို့ တွေ့ဆုံမလားဆိုတာ မသိရသေးပါ။
အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရုရှားနိုင်ငံသို့ ရောက်ရှိနေချိန် ယူကရိန်းက ရုရှားနိုင်ငံ၊ မော်စကိုမြို့သို့ တာဝေးပစ်ဒရုန်းများဖြင့် တတိယနေ့အဖြစ် ဆက်လက်တိုက်ခိုက်လိုက်ပြီး ရုရှားနိုင်ငံက လေကြောင်းခရီးစဉ် ၂၄၀ ကျော် ဖျက်သိမ်း ရွှေ့ဆိုင်းလိုက်ရကြောင်း အေပီ သတင်းတစ်ရပ်အရ သိရှိရသည်။
ရုရှားစံတော်ချိန် မေလ ၇ ရက်နေ့ နံနက်ပိုင်းနှင့် ညနေပိုင်းတို့တွင် ယူကရိန်းက ရုရှားနိုင်ငံ၊ မော်စကိုမြို့သို့ တာဝေးပစ်ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရုရှားစံတော်ချိန် မေလ ၇ ရက်နေ့ ညနေ ၄ နာရီတွင် ရုရှားနိုင်ငံ၊ မော်စကိုမြို့သို့ ဆိုက်ရောက်ခဲ့သည်။
ယူကရိန်းက ဒရုန်းများဖြင့် ရုရှားနိုင်ငံ၊ မော်စကိုမြို့သို့ တိုက်ခိုက်မှုမှာ တတိယနေ့ တိုက်ခိုက်မှုဖြစ်ပြီး ရုရှားက ရင်ပြင်နီ အောင်ပွဲနေ့ စစ်ရေးပြအခမ်းအနားအတွက် ပြင်ဆင်နေချိန်တွင် ယူကရိန်း ၏တိုက်ခိုက်မှုကြောင့် မော်စကိုမြို့ရှိ အဓိက လေဆိပ်များတွင် လေကြောင်းခရီးစဉ်များ ဖျက်သိမ်းခြင်း၊ ရွှေ့ဆိုင်းခြင်းများ လုပ်ဆောင်ခဲ့ရသည်။
ယူကရိန်း၏ တိုက်ခိုက်မှုကြောင့် ရုရှားလေကြောင်းလိုင်း Aeroflot က မေလ ၇ ရက်နေ့ နံနက်ပိုင်း မော်စကိုသို့ အသွားအပြန် လေယာဉ်ခရီးစဉ်ပေါင်း ၁၀၀ ကျော်ကို ဖျက်သိမ်းခဲ့ရပြီး လေကြောင်းခရီးစဥ် ၁၄၀ ကျော်မှာ နှောင့်နှေးခဲ့ရသည်။
ရုရှားနိုင်ငံ၏ မော်စကို မြို့တော်ဝန် Sergei Sobyanin က မေလ ၇ ရက်နေ့ နံနက်အစောပိုင်း ယူကရိန်း၏ ဒရုန်း ၉ စင်းဖြင့် တိုက်ခိုက်မှုကို တားဆီးနိုင်ခဲ့ကြောင်း၊ မေလ ၇ ရက်နေ့ ညနေပိုင်းတွင် ယူကရိန်း၏ တိုက်ခိုက်ရေး ဒရုန်း ၁၅ စင်းကို ချေမှုန်းခဲ့ရကြောင်း ပြောဆိုသည်။
ယူကရိန်း၏ ဒရုန်းများဖြင့် မော်စကိုမြို့ကို တိုက်ခိုက်မှုများသည် မေလ ၉ ရက်နေ့ ရုရှား၏ နှစ် ၈၀ ပြည့် ရင်ပြင်နီ နှစ်ပတ်လည် အခမ်းအနား ပြင်ဆင်မှုများကို နှောင့်ယှက်ရန် ရည်ရွယ်ထားပုံရသည်ဟု သတင်းများက ဆိုသည်။
ယူကရိန်း၏ ဒရုန်းတိုက်ခိုက်မှုများကြောင့် ယူကရိန်း စစ်ပွဲတွင် အခြေအနေ ကောင်းမွန်နေပြီဟု ရုရှားသမ္မတ ပူတင်၏ သတင်းပေးမှုကို လက်ခံထားသော ရုရှားနိုင်ငံသားများကို တုန်လှုပ်စေခဲ့ကြောင်း၊ ရုရှားသို့ လာရောက်မည့် နိုင်ငံတကာခေါင်းဆောင်များအကြား ရုရှားနိုင်ငံအတွက် အရှက်ရစေနိုင်ကြောင်း သတင်းများက ဆက်လက်ရေးသားထားသည်။
မေလ ၉ ရက်နေ့ ရင်ပြင်နီ ချီတက်ပွဲအတွက် ရုရှားက လုံခြုံရေးတင်းကျပ်ထားပြီး တရုတ် သမ္မတ Xi Jinping နှင့် ဘရာဇီးလ်သမ္မတ Luiz Inácio Lula da Silva တို့ အပါအဝင် နိုင်ငံ ၂၀ ကျော်မှ ခေါင်းဆောင်များ လာရောက်ကြမည်ဖြစ်သည်။
ယူကရိန်းသမ္မတ ဇန်လစကီးက မေလ ၉ ရက်နေ့ ရုရှား၊ ရင်ပြင်နီ နှစ် ၈၀ ပြည့် ချီတက်ပွဲသို့ တက်ရောက်ကြမည့် သူများ၏ လုံခြုံရေးကို တာဝန်မယူနိုင်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
ရုရှားနိုင်ငံက မော်စကိုတွင် ကျင်းပမည့် ရင်ပြင်နီ နှစ် ၈၀ ပြည့် အောင်ပွဲ အခမ်းအနားများနှင့် တိုက်ဆိုင်စွာ တစ်ဖက်သတ် ၇၂ နာရီကြာ အပစ်အခတ်ရပ်စဲရန် စီစဉ်ထားကြောင်း သိရှိရသည်။