လားရှိုးနှင့် ရမခဌာနချုပ်တွင် လက်နက်ချ အညံ့ခံခဲ့သော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် သေဆုံးပျောက်ဆုံး အရာရှိ၊ စစ်သည်များ၏ ကျန်ရစ်သူ ဇနီးများနှင့် မိသားစုများအားလုံးကို စစ်ကောင်စီက ခံစားခွင့်နှင့်လစာထုတ်ပေးမှုများ ရပ်ဆိုင်း

by

in

လားရှိုးနှင့် ရမခဌာနချုပ်တွင် လက်နက်ချ အညံ့ခံခဲ့သော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် သေဆုံးပျောက်ဆုံး အရာရှိ၊ စစ်သည်များ၏ ကျန်ရစ်သူ ဇနီးများနှင့် မိသားစုများအားလုံးကို စစ်ကောင်စီက ခံစားခွင့်နှင့်လစာထုတ်ပေးမှုများ ရပ်ဆိုင်း
ရန်ကုန်၊ မေ ၈
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို MNDAA က သိမ်းပိုက်စဉ် လက် နက်ချ အညံ့ခံခဲ့သော စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ အလောင်းမရရှိဘဲ သေဆုံးနှင့် ပျောက်ဆုံး စာရင်းဝင်ထားသော အရာရှိ၊ စစ်သည်များ၏ ကျန်ရစ်သူဇနီးများနှင့် မိသားစုဝင်များအားလုံးကို စစ်ကောင်စီက ခံစားခွင့်နှင့် လစာ ထုတ်ပေးမှုများ ရပ်ဆိုင်းထားကြောင်း သိရှိရသည်။
ကိုးကန့် MNDAA က ၂၀၂၄ ခုနှစ် ဩဂုတ်လတွင် လားရှိုးမြို့နှင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်ခဲ့ကြောင်း၊ ယင်းနောက် လားရှိုးမြို့နှင့် ရမခကို MNDAA က သိမ်းပိုက်ပြီးနောက် လွတ်မြောက်ခဲ့ကြသော ကျန်ရစ်သူမိသားစုများနှင့် ဇနီးများက မိုင်းရယ်နှင့် တန့်ယန်းတွင် အခြေစိုက်သော တပ်များနှင့် တပ်အရာရှိများထံသို့ ဆက်သွယ်သတင်းပေးပို့ခဲ့ကြကြောင်း၊ လားရှိုးနှင့်ရမခ ကျဆုံးပြီး ၂ လအကြာ ၂၀၂၄ ခုနှစ် အောက်တိုဘာလမှစတင်၍ သေဆုံး၊ ပျောက်ဆုံးနှင့် လက်နက်ချအညံ့ခံခဲ့ကြသော ကျန်ရစ်သူ ဇနီးများနှင့် မိသားစုဝင်များကို ခံစားခွင့် လစာ တစ်ဝက်ကို စစ်ကောင်စီက ထုတ်ပေးခဲ့ကြောင်း သိရှိရသည်။
“ကိုယ့်အမျိုးသားရဲ့ လစာတွေကို ကျန်ရစ်သူဇနီးနဲ့ မိသားစုတွေကို မနှစ်၊ အောက်တိုဘာလမှာ ပြန် စထုတ်ပေးတယ်။ အပြည့်တော့မရဘူး။ မူလလစာရဲ့ တစ်ဝက်ကို ပေးတယ်။ တချို့တပ်တွေကတော့ လူကြီးကောင်းရင်း အပြည့်ရတယ်။ အဲဒါ အခုတော့မရတော့ဘူး။ ရပ်သွားပြီ။ ဘာလို့လဲတော့ မေးတာလည်း မရဘူး။ တချို့က လစာ ထုတ်မရတာ ၄ လလောက်ရှိပြီ။ တချို့ကတော့ မတ်လနဲ့ ဧပြီလကစပြီး ထုတ်ခွင့်မပေးတော့ဘူး။ တပ်ရင်းဘက်ကတော့ လူကြီးတွေက ရပ်ခိုင်းတာလို့ပဲ ပြောတယ်။ အရာရှိရော စစ်သည်ရော အကုန် ဘာမှ ထုတ်ခွင့်မပေးတော့တာ” ဟု လားရှိုးတွင် ပျောက်ဆုံးနေသော စစ်ကောင်စီတပ်ဖွဲ့ဝင် တပ်ကြပ်ကြီး ၁ ဦး၏ ဇနီးက ရှင်းပြသည်။
ထို့ပြင် လားရှိုးတွင် သေဆုံးခဲ့သော စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ကျန်ရစ်သူ မိသားစုဝင်များမှာလည်း အသက် အာမခံကြေး အပါအဝင် မည်သည့် အခွင့်အရေးမှ စစ်ကောင်စီထံမှ မရရှိကြောင်း၊ သေဆုံးသော စစ်သည်နှင့်အရာရှိ များတွင် အလောင်းမပြနိုင်သူများကို ၆ လစောင့်ခိုင်းပြီး ၆ လကျော်မှ ကျန်ရစ်သူမိသားစုအတွက် ခံစား ခွင့် ရရှိရေး ဆောင်ရွက်ပေးမည်ဟု ဆိုခဲ့သော်လည်း စစ်ကောင်စီက ကတိမတည်ဟု ကျန်ရစ်သူ တပ်မိသားစုဝင်များက ဆိုသည်။
“သေဆုံးဆိုရင်လည်း ပျောက်ဆုံးစာရင်းထည့်ပြီး ၆ လစောင့်ရမယ်ပြောတယ်။ တကယ်တမ်း ၆ လကျော်လို့မှ ဘာသတင်းမှ မကြားရင် အသက်အာမခံနဲ့ အခြား ခံစားခွင့်တွေ ရရှိရေး လုပ်ပေးမယ်လို့ ပြောခဲ့တာ။ အခု ၆ လကျော်တဲ့အပြင် ၈ လထဲတောင် ဝင်လာပြီ ။ ဘာမှလည်း လုပ်မပေးဘူး။ ဘာမှလည်း အကြောင်းမကြားဘူး။ သွားမေးရင်လည်း လုပ်နေပါတယ်ပဲ ပြောတာပဲ” ဟု လားရှိုးအခြေစိုက် ထောက်ပို့တပ် ၆၂၆ မှ စစ်သည်တစ်ဦး၏ မိခင်တစ်ဦးက ရှင်းပြသည်။
လားရှိုး၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် သိမ်းပိုက်ခံရသည့် တိုက်ပွဲတွင် ခုခံတိုက်ခိုက်ရင်း ပျောက်ဆုံး၊ သေဆုံး၊ ဖမ်းဆီးခံခဲ့ရသော စစ်တပ်အရာရှိ၊ စစ်သည်များ၏ ကျန်ရစ်သူ မိသားစုများနှင့် ဇနီးများမှာ နေစရာလိုင်းခန်းလည်း မရရှိဘဲ ပြင်ပတွင် အလွန် ဆင်းရဲ ဒုက္ခကြီးစွာဖြင့် နေထိုင်ရကြောင်း၊ ထို့ ကြောင့် စစ်ကောင်စီခေါင်း ဆောင် မင်းအောင်လှိုင်ထံသို့ အသနားခံစာများ အကြိမ်ကြိမ်တင်ပြကြသော်လည်း တစ်စုံတစ်ရာ ထူးခြားလာခြင်း မရှိကြောင်း ကျန်ရစ်သူ မိသားစုများက ဆိုကြသည်။
ယခုအခါ တရုတ်နိုင်ငံ၏ ကြားဝင်စွက်ဖက်မှုဖြင့် စစ်ကောင်စီက လားရှိုးမြို့ပေါ် ၁၂ ရပ်ကွက်ကို MNDAA ထံမှ ပြန်လည် ရယူထားပြီဖြစ်သည်။
ဓာတ်ပုံ- MNDAA က လားရှိုးမှ စစ်တပ်မိသားစုများကို လမ်းစရိတ်ပေး၍ ပြန်လွှတ်ပေးခဲ့စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)