စောချစ်သူနှင့် သား နှစ်ဦးကို အမေရိကန်က အရေးယူပိတ်ဆို့ခဲ့သော်လည်း၊ BGF စီးပွားရေးလုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသည့် ကျန်မိသားစုဝင်များ ဒဏ်ခတ်ပိတ်ဆို့မှုမှ လွတ်မြောက်နေဆဲ
ရန်ကုန်၊ မေ ၆
အမေရိကန်များကို ပစ်မှတ်ထားဦးတည်သော အွန်လိုင်းငွေကြေးလိမ်လည်မှုများ အပါအဝင် နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများအတွက် စစ်ကောင်စီလက်အောက်ခံ (BGF) ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူနှင့် သား ၂ ဦးကို အရေးယူဒဏ်ခတ်ပိတ်ဆို့လိုက်ကြောင်း အမေရိကန်အစိုးရက ယမန်နေ့က တရားဝင်ထုတ်ပြန်ကြေညာခဲ့သည်။
အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ၊ ကရင်အမျိုးသားတပ်မတော် (KNA) ဟု အမည်ပြောင်းလဲထားသော ကရင်နယ်ခြားစောင့်တပ် (BGF) ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူ(ခ) စံမြင့်၊ ၎င်းတို့မိသားစုနှင့် မဟာမိတ်များသည် တရားမဝင်လောင်းကစားရုံများ၊ ဆိုက်ဘာလိမ်လည်လုပ်ငန်းများအပါအဝင် နိုင်ငံဖြတ်ကျော် ဒုစရိုက်စီးပွားရေးလုပ်ငန်းများကို နိုင်ငံတကာ၏ အပြစ်ပေး အရေးယူခံရခြင်း ကင်းလွတ်စွာဖြင့် လုပ်ကိုင်နိုင်ခဲ့မှုမှတဆင့် ကြွယ်ဝချမ်းသာလာခဲ့ခြင်းဖြစ်သည်။
သို့သော် ပြီးခဲ့သည့်လပိုင်းများအတွင်း တရုတ်၏ ဖိအားကြောင့် ထိုင်းနိုင်ငံ၏ နယ်စပ်ဖြတ်ကျော်ဒုစရိုက်လုပ်ငန်းများအပေါ် နှိမ်နင်းခဲ့မှုများအပါအဝင် ယမန်နေ့က ချမှတ်လိုက်သော အမေရိကန်အစိုးရ၏ ဒဏ်ခတ်အရေးယူမှုများသည် စောချစ်သူနှင့် ၄င်း၏စီးပွားရေးလုပ်ငန်းများကို ကြီးစွာထိခိုက်စေသည်။
တချိန်တည်းတွင်ပင် BGF စီးပွားရေးအင်ပါယာတွင် ပါဝင်ပတ်သက်နေသော်လည်း (BGF) ခေါင်းဆောင် စောချစ်သူ၏ ဇနီးနှင့် သမီးတို့မှာမူ အမေရိကန်အစိုးရ၏ ဒဏ်ခတ်ပိတ်ဆို့မှုများမှ လွတ်မြောက်နေဆဲ ဖြစ်သည်ဟု မြန်မာ့အရေး တက်ကြွလှုပ်ရှားသူအချို့က ဆိုသည်။
အထူးသဖြင့် စောချစ်သူ၏ သမီးဖြစ်သူ အသက်နှစ်ဆယ့်ခုနှစ်နှစ်အရွယ် နန်းနှင်းနန္ဒာအေးသည် စင်ကာပူနှင့် ယူကေတို့တွင် ရရှိခဲ့သည့် သူမ၏ နိုင်ငံတကာပညာရေးနောက်ခံကို အသုံးပြု၍ စီးပွားရေးပုံရိပ်ကို တည်ဆောက်ခဲ့သည်။ သူမသည် ကရင်နယ်ခြားစောင့်တပ်နှင့် ဆက်စပ်သည့် စီးပွားရေးလုပ်ငန်းကြီး လေးခုတွင် ရှယ်ယာများပိုင်ဆိုင်ထားပြီး၊ ဒါရိုက်တာအဖြစ် ပါဝင်နေကြောင်း Justice For Myanmar အဖွဲ့က အစီရင်ခံစာ ထုတ်ပြန်ထားသည်။
သူမသည် ချစ်လင်းမြိုင် သတ္တုတူးဖော်ရေးနှင့် စက်မှုလုပ်ငန်းကုမ္ပဏီလီမိတက်၊ ချစ်လင်းမြိုင်တိုယိုတာ ကုမ္ပဏီလီမိတက်၊ ရွှေပဒေသာမြိုင် ကုမ္ပဏီလီမိတက်နှင့် ထူးမေတ္တာထူး ကုမ္ပဏီလီမိတက် စသည့်BGF ကုမ္ပဏီကြီးများတွင် ဒါရိုက်တာနှင့် အစုရှယ်ယာရှင်အဖြစ် ထဲထဲဝင်ဝင် ပါဝင်နေခြင်းလည်းဖြစ်သည်။
နန်းနှင်းနန္ဒာအေးသည် ကရင်နယ်ခြားစောင့်တပ် (BGF) ၏ ရာဇဝတ်စီးပွားကွန်ရက်တွင် အဆင့်မြင့်ရာထူး (ဒါရိုက်တာ) ဖြင့် ပါဝင်ပတ်သက်နေမှုအတွက် BGF ကျူးလွန်သော နိုင်ငံတကာ ရာဇဝတ်မှုများတွင် ကြံရာပါပတ်သက်သူဖြစ်ကြောင်းနှင့် ယင်းအပေါ် တာဝန်ခံစေသင့်ကြောင်း Justice For Myanmar က ထုတ်ပြန်ပြောဆိုထားခဲ့ပြီးဖြစ်သည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ စစ်အာဏာသိမ်းမှု ဖြစ်ပွားခဲ့ပြီးနောက််််််ပိုင်း နန်းနှင်းနန္ဒာအေးသည် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများအတွက် နာမည်ဆိုးဖြင့်ကျော်ကြားသော နယ်စပ်ဒေသ ရွှေကုက္ကိုလ်တွင် သူမ၏ စီးပွားရေးလုပ်ငန်းများကို တိုးချဲ့ခဲ့သည်။ သူမသည် တန်းဖိုးကြီးရေမွှေးများနှင့် နိုင်ငံခြားအရက်များ ရောင်းချသည့် ကုန်စုံဆိုင်၊ ပြီးခဲ့သည့်လပိုင်းအတွင်း ဖွင့်လှစ်ခဲ့သည့် စားသောက်ဆိုင် များအပါအဝင် စီးပွားရေးလုပ်ငန်းသစ်များစွာကို တိုးချဲ့ဖွင့်လှစ်ခဲ့သည်။
စောချစ်သူ၏ ဇနီး နန်းခင်လှသူသည် BGF နှင့်ဆက်စပ်စီးပွားရေးလုပ်ငန်းများတွင် တရားဝင်ရှယ်ယာရှင် သို့မဟုတ် ဒါရိုက်တာအဖြစ် ဖော်ပြခံထားခြင်း မရှိသော်လည်း၊ လူမှုကွန်ရက်တွင် ဖော်ပြထားသော သူမ၏ လူမှုရေးရာလှုပ်ရှားမှုများကြောင့် အဆိုပါစီးပွားရေးလုပ်ငန်းများတွင် ထဲထဲဝင်ဝင် ပါဝင်ပတ်သက်ကြောင်း ထင်ရှားနေသည်။ သူမသည် အဆိုပါလုပ်ငန်းများမှ အကျိုးအမြတ် ရရှိနေသူဖြစ်သလို၊ ယင်းအကျိုးအမြတ်များကြောင့် ကြွယ်ဝချမ်းသာသည့် ဇိမ်ခံလူနေမှုပုံစံတွင် နေထိုင်နိုင်သူလည်း ဖြစ်သည်။
ယခုအခါ စောချစ်သူနှင့် ၄င်း၏သားများသည် အမေရိကန်ပြည်ထောင်စု၏ ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခံလိုက်ရပြီဖြစ်သည့်အတွက်၊ နိုင်ငံပြင်ပ ရှောင်တိမ်းစရာနယ်မြေ ကျဉ်းမြောင်းလာပြီ ဖြစ်သည်။
စောချစ်သူနှင့် သားများအနေဖြင့် ၎င်းတို့၏ ရာဇဝတ်လုပ်ငန်းများအတွက် နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့မှုများနှင့် ရင်ဆိုင်နေရသော်လည်း၊ ကြံရာပါ ကျန်မိသားစုဝင်များမှာမူ ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို ဆက်လက်ရရှိနေဆဲ ဖြစ်သည်။ ယင်းအချက်သည် ကရင်နယ်ခြားစောင့်တပ်အပေါ် ပိုမိုကျယ်ပြန့်လွှမ်းခြုံသည့် ဒဏ်ခတ်ပိတ်ဆို့မှုများ လိုအပ်နေကြောင်းကို ဖော်ပြနေခြင်းလည်းဖြစ်သည်။