ကိုးကန့် MNDAA ထံတွင် လက်နက်ချအညံ့ခံခဲ့သော ဗိုလ်မှူးချုပ် အေးမင်းဦး အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးရာထူးဖြင့် လားရှိုးသို့ ပြန်ရောက်လာပြီး ရမခတိုင်းစစ်ဌာနချုပ်ကို ပြန်တည်ဆောက်မည်

by

in

ကိုးကန့် MNDAA ထံတွင် လက်နက်ချအညံ့ခံခဲ့သော ဗိုလ်မှူးချုပ် အေးမင်းဦး အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးရာထူးဖြင့် လားရှိုးသို့ ပြန်ရောက်လာပြီး ရမခတိုင်းစစ်ဌာနချုပ်ကို ပြန်တည်ဆောက်မည်
ရန်ကုန်၊ မေ ၆

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ကိုးကန့် MNDAA ထံ လက်နက်ချအညံ့ခံခဲ့သော ဗိုလ်မှူးချုပ် အေးမင်းဦးသည် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးရာထူးဖြင့် လားရှိုးသို့ ပြန်ရောက်လာပြီး လားရှိုးဆေးရုံဖွင့်ပွဲ အပါအဝင် လားရှိုးမြို့ပြန်လည် တည်ဆောက်ရေးကို ဦးဆောင် လုပ်ကိုင်နေကြောင်း လားရှိုးဒေသပြည်သူများက ပြောဆိုသည်။
ယမန်နေ့ မေလ ၅ ရက်နေ့ လားရှိုးပြည်သူ့ဆေးရုံကို အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်အေးမင်းဦး လာရောက်ဖွင့်လှစ်ခဲ့ပြီး မြို့ကိုလည်း လှည့်ပတ်စစ်ဆေးခဲ့ကြောင်း၊ ယနေ့ လက်ရှိအချိန်အထိလားရှိုးမြို့တွင်ပင် တိုင်းမှူး ဗိုလ်မှူးချုပ် အေးမင်းဦး ရှိနေဆဲဖြစ်ကြောင်း လားရှိုးမြို့မှ ပြည်သူတချို့က ပြောဆိုသည်။
“မနေ့က ဆေးရုံဖွင့်ပွဲ တိုင်းမှူး လာတယ်။ ဒီနေ့အထိလည်း လားရှိုးမှာပဲ။ ဒီမှာပဲ ရုံးထိုင်တော့မယ်လို့လည်း ကြားပါတယ်” ဟု လားရှိုးမှ ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။
MNDAA က ဧပြီလ နှောင်းပိုင်း လားရှိုးမြို့ပေါ် ၁၂ ရပ်ကွက်မှ ဆုတ်ခွာသွားပြီးနောက် အရှေ့မြောက်တိုင်း တိုင်းမှူး ဗိုလ်မှူးချုပ်အေးမင်းဦးမှာ လားရှိုးကို ပြန်လည်ရောက်ရှိလာခြင်းဖြစ်ပြီး CDM ဗိုလ်ကြီးဇင်ယော်ကမူ လားရှိုးတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ပြန်လည် အခြေစိုက် ဖွင့်လှစ်မည်ဟု သိရှိထားကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
“လားရှိုးမှာပဲ ရမခ တိုင်းစစ်ဌာနချုပ် ပြန်အခြေစိုက်မယ်။ အစက မိုင်းရယ်နဲ့ တန့်ယန်းမှာ ထားမလား ရွေးပေးမယ့် ဘယ်လိုဖြစ်သွားလဲတော့ မသိဘူး။ လားရှိုးမှာပဲ ရမခတိုင်း စစ်ဌာနချုပ်ပြန်ဖွင့်မယ်” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ပြောဆိုသည်။
လားရှိုးမြို့ကို ၂၀၂၄ ခုနှစ် ဩဂုတ်လတွင် MNDAA က တိုက်ခိုက်သိမ်းပိုက်ပြီး တရုတ်၏ကြားဝင်မှုကြောင့် ယခုနှစ် ဧပြီလတွင် ပြန်လည် ဆုတ်ခွာခဲ့ရခြင်းဖြစ်သည်။
လက်ရှိ လားရှိုးမြို့ ပြန်လည် တည်ထောင်ရေး ဦးဆောင်နေသော တိုင်းမှူး ဗိုလ်မှူးချုပ် အေးမင်းဦးသည် မတ်လအတွင်း တိုင်းမှူးအဖြစ် ခန့်အပ်ခံခဲ့ရခြင်းဖြစ်သည်။
ဗိုလ်မှူးချုပ် အေးမင်းဦးသည် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ MNDAA က လောက်ကိုင်ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ)ကို သိမ်းပိုက်ခဲ့စဉ် အမှတ် ၁၄ စစ်ဆင်ရေးကွပ်ကဲမှုဌာန ချုပ်မှ စစ်ဆင်ရေးကွပ်ကဲရေးမှူး အဖြစ် တာဝန်ထမ်းဆောင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လောက်ကိုင်) ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် မိုးကျော်သူ၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးချုပ် ထွန်းထွန်းမြင့်၊ တပ်မ ၅၅ ဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဇော်မျိုးဝင်း၊ အမှတ် ၁၂ စစ်ဆင် ရေး ကွပ်ကဲမှုဌာနချုပ် စစ်ဆင် ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် အောင်ဇော်လင်း၊ အမှတ် ၁၆ စစ်ဆင် ရေး ကွပ်ကဲမှုဌာနချုပ် စစ်ဆင် ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် သော်ဇင်ဦးတို့နှင့်အတူ MNDAA ထံတွင် လက်နက်ချ အညံ့ခံခဲ့သူဖြစ်သည်။
လားရှိုးမြို့ အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ၂၀၂၄ ခုနှစ် ဩဂုတ် လအတွင်း ဆုံးရှုံးခဲ့ပြီးနောက် စစ်ကောင်စီက တန့်ယန်းမြို့ကို အခြေစိုက် အရှေ့ မြောက်တိုင်းစစ်ဌာနချုပ်ကို ပြန်လည် ဖွဲ့စည်းခဲ့ပြီး တိုင်းမှူးအဖြစ် ဗိုလ် ချုပ် မြင့်ကျော်ထွန်းကို ခန့် အပ်ခဲ့သည်။
ယခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ရမခ တိုင်းမှူး ဗိုလ်ချုပ် မြင့်ကျော်ထွန်းသည် ကျားဖြန့်တရုတ်ငွေလိမ်ဂိုဏ်းများထံမှ ငွေကျပ်သိန်းထောင်ချီ လာဘ်ယူမှုဖြင့် စစ်ကောင်စီက ရာထူးမှ ဖယ်ရှား ဖမ်းဆီးလိုက်ပြီးနောက် ဗိုလ်မှူးချုပ် အေး မင်းဦးကို ရမခ တိုင်းမှူး (တန့်ယန်း)အသစ် အဖြစ် စစ်ကောင်စီက ခန့်အပ်ခဲ့ခြင်းဖြစ်သည်။