မြင်းမူမြို့ပေါ်တွင် ငွေကျပ် သိန်းပေါင်း ၂ သောင်း ၆ ထောင်ကျော် တန်ဖိုးရှိ ရွှေထည် ပစ္စည်းများကို ဓားပြတိုက်လာသူ ၄ ဦးကို PDF တပ်ဖွဲ့က အရှင်ဖမ်းဆီး(ရုပ်/သံ)
ရန်ကုန်၊ မေ ၃
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ပေါ်တွင် ငွေကျပ် သိန်းပေါင်း ၂ သောင်း ၆ ထောင်ကျော် တန်ဖိုးရှိ ရွှေထည် ပစ္စည်းများကို ဓားပြတိုက်လာသူ ၄ ဦးကို အရှင်ဖမ်းဆီး ရရှိခဲ့ကြောင်း ဗျူဟာအမှတ် ၆၄ တပ်ရင်းရုံးမှ ရုံးအဖွဲ့မှူးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မေလ ၁ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် မြင်းမူမြို့ပေါ်ရှိ ရွှေဧကရာဇ် ရွှေဆိုင်ကို အမည်မသိ လက်နက်ကိုင် သေနတ်သမား ၄ ဦးက ဝင်ရောက် ဓားပြတိုက်ခိုက်ခဲ့ပြီး ကာလတန်ဖိုး ငွေကျပ် သိန်းပေါင်း ၂ သောင်း ၆ ထောင်ကျော် တန်ဖိုးရှိ ရွှေထည် ပစ္စည်းများကို ယူဆောင်သွားကြောင်း သိရသည်။
အဆိုပါ ဓားပြတိုက်လာသူ ၄ ဦးသည် မြင်းမူမြို့နယ်နှင့် ငါန်းဇွန်မြို့နယ် အစပ်ကို ရွှေထည် ပစ္စည်းများ သည်ဆောင်လာစဉ် တော်လှန်ရေးတပ်ဖွဲ့များက ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
“ဓားပြတိုက်လာတယ်ဆိုပြီး သတင်းရလို့ ရေကြောင်းကနေ စောင့်ဖမ်းလိုက်တာပါ။ စောင့်ဖမ်းတော့ ၄ ယောက်ကို အဲဒီမှာလက်နက် ၃ လက်နဲ့ ဒီရွှေထည်ပစ္စည်းတွေနဲ့ ဖမ်းမိတယ်။ ရွှေရဲ့တန်ဖိုးကတော့ သိန်းပေါင်း ၂ သောင်း ၆ ထောင်အထိ ရှိတယ်။ သူတို့ဆီကနေ MA-3 ၂ လက် နဲ့ ပစ္စတို ၁ လက် သိမ်းဆည်းရရှိတယ်။ ကျွန်တော်တို့ ဖမ်းဆီးရမိတဲ့ သူတွေကတော့ နောက်ဆက်တွဲ ဘယ်သူတွေပါသေးတယ်။ ဘယ်အဖွဲ့အစည်းကလဲ တော်လှန်ရေးဘက်ကလား။ ဘယ်ကလဲ အကုန်လုံးကို စစ်ဆေးနေပါတယ်။ သူတို့ စစ်ဆေးရမယ့် သက်ဆိုင်ရာ အဖွဲ့အစည်းတွေကနေပြီးတော့ စစ်ခွေးနဲ့ပတ်သတ်လား တစ်ခြားဘယ်သူတွပါသေးလဲ ဆိုတာကို စုံးစမ်းစစ်ဆေးနေဆဲဖြစ်ပါတယ်” ဟု ဗျူဟာအမှတ် ၆၄ တပ်ရင်းရုံးမှ ရုံးအဖွဲ့မှူးက ပြောဆိုသည်။
အဆိုပါ ဖမ်းဆီးရမိသော ရွှေထည် ပစ္စည်းများနှင့် တရားခံ ၄ ဦးကို တော်လှန်ရေးတပ်ဖွဲ့များက မြင်းမူမြို့နယ် ပလဖ ထံလွှဲပြောင်း ပေးပို့လိုက်ပြီး စစ်ဆေးမှုများဆက်လက် လုပ်ဆောင်နေဆဲဖြစ်ကြောင်း သိရသည်။
ထို ဖမ်းဆီးမှုကို မြင်းမူမြို့နယ်မြေ ၁ ပကဖ ၊ ငါန်းဇွန် မြို့နယ် ပကဖ နှင့် အမှတ် ၁ စစ်ဒေသ ဗျူဟာ အမှတ် ၆၄ ( မုံရွာခရိုင် အမှတ် ၅ ၊ ၈ ၊ ၉ ၊ ၁၀ ၊ ၁၁ တပ်ရင်း) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။