နိုင်ငံတဝန်း တိုက်ပွဲများတွင် လူနှင့်ငွေအင်အား ပါဝင်ပတ်သက်နေပြီး စစ်ရေးအတွက် ဘဏ္ဍာရန်ပုံငွေ ၉၄ ရာခိုင်နှုန်းကို အသုံးပြုထားဟု NUG ပြော
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မေ ၃ ရက်
တစ်နိုင်ငံလုံး ဆင်နွှဲနေသည့် တိုက်ပွဲများတွင် လူနှင့်ငွေအင်အား အတိုင်းအတာတစ်ခုထိ ပါဝင်ပတ်သက်နေပြီး စစ်ရေးအတွက် ဘဏ္ဍာရန်ပုံငွေ ၉၄ ရာခိုင်နှုန်း အသုံးပြုထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG ထံက သိရသည်။
အဆိုပါရာခိုင်နှုန်းသည် NUG အစိုးရအနေဖြင့် လက်အောက်ခံ ကာကွယ်ရေးဝန်ကြီးဌာန ဖွဲ့စည်းပြီးနောက်ပိုင်း ပြီးခဲ့သော လေးနှစ်တာအတွင်း သုံးစွဲအသုံးပြုခဲ့သည့် အနေအထားဖြစ်ကြောင်း ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်က ပြောသည်။
“လက်ရှိနိုင်ငံတဝန်း ဆင်နွှဲနေကြတဲ့ တိုက်ပွဲတွေ တော်တော်များများမှာ ကျွန်တော်တို့ MOD ရဲ့ လူအင်အား၊ ငွေအင်အား အတိုင်းအတာတစ်ခုထိ တစ်နည်းနည်းနဲ့ ပါဝင်ပတ်သက်နေပါတယ်” ဟု ၎င်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အာဏာသိမ်းမှုကြောင့် ဖြစ်တည်ပေါ်ပေါက်လာသော NUG အစိုးရ လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF ရဲဘော်များသည် စစ်ကောင်စီ ရုံးစိုက်ရာ နေပြည်တော်အပါအဝင် ပြည်နယ်/တိုင်းအားလုံးတွင် တိုက်ပွဲဝင်နေခြင်းဖြစ်ကြောင်း သိရသည်။
“ဖွဲ့စည်းထားတဲ့ တပ်တွေရဲ့ နေရေးထိုင်ရေး၊ စားနပ်ရိက္ခာစရိတ် ဒါတွေရှိသလို လက်နက်ခဲယမ်း၊ မီးကျောက်တွေနဲ့ ပတ်သက်ပြီးတော့ သုံးတာတွေလဲရှိတယ်” ဟု ဦးနေဘုန်းလတ်က ဆိုသည်။
ထို့အပြင် NUG အစိုးရအနေဖြင့် စစ်ရေးအတွက် ဘဏ္ဍာရန်ပုံငွေ ၉၄ ရာခိုင်နှုန်း အသုံးပြုမှုများကို တစ်နိုင်ငံလုံးအတိုင်းအတာ ဆောင်ရွက်ခြင်းဖြစ်ပြီး မဟာမိတ်တော်လှန်ရေး အဖွဲ့များအား မျှဝေထောက်ပံ့သည့် ရန်ပုံငွေများလည်း ပါဝင်သည်ဟု သိရသည်။
“အဲဒါတွေကို စစ်ရေးကိစ္စတွေရယ်၊ နောက်ပြီး တော်လှန်ရေးအင်အားစုတွေ အချင်းချင်းကြား ညီညွတ်ရေးတည်ဆောက်ပြီး ဆောင်ရွက်ကြတဲ့ကိစ္စတွေလည်းရှိတာကြောင့် အသေးစိတ် ထုတ်ပြန်နိုင်ခြင်း မရှိသေးတာကို ပြည်သူလူထုအနေနဲ့ နားလည်ပေးစေချင်ပါတယ်” ဟု ဦးနေဘုန်းလတ်က ဆက်လက်ပြောသည်။
လက်ရှိတွင် လက်နက်ခဲယမ်း၊ မီးကျောက်နှင့် ဘဏ္ဍာရန်ပုံငွေ ရရှိရေး၌ လိုအပ်ချက်နှင့် စိန်ခေါ်မှုများရှိသော်လည်း တော်လှန်လူထု၏ ပူးပေါင်းပါဝင် ထောက်ပံ့မှု၊ မဟာမိတ်တော်လှန်ရေး အဖွဲ့အစည်းများ၏ ဝန်းရံကူညီမှုဖြင့် ရင်ဆိုင်ဖြေရှင်း ကျော်လွှားလျက်ရှိကြောင်း NUG က ထုတ်ပြန်ထားသည်။
ယင်းအပြင် NUG အစိုးရအနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၃၁၆ ရင်းအပါအဝင် ဒရုန်းတပ်ဖွဲ့၊ ဆေးတပ်ဖွဲ့၊ ထောက်ပို့တပ်ဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့ စုစုပေါင်း ၃၅၆ ဖွဲ့ကိုလည်း စစ်အာဏာသိမ်း လေးနှစ်တာအတွင်း ဖွဲ့စည်းထူထောင်နိုင်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ-NUG
#နိုင်ငံတဝန်းတိုက်ပွဲများတွင် #လူနှင့်ငွေအင်အား #ဘဏ္ဍာရန်ပုံငွေ #၉၄ရာခိုင်နှုန်း #NUG
#Ayeyarwaddy_Times