◼️တရုတ်အနေနဲ့ လက်တွေ့ကျကျ ချဉ်းကပ်ဖို့ ဦးရည်မွန် မျှော်လင့် 🔹ရေနံနဲ့ သဘာဝဓါတ်ငွေ့ပိုက်လိုင်း အပါအဝင် တရုတ် စီမံကိန်းအားလုံးနီးပါးက တော်လှန်ရေးအင်အားစုတွေရဲ့ စိုးမိုးထိန်းချုပ်နယ်မြေထဲရောက်ရှိနေပြီဟု အသိပေး

by

in

◼️တရုတ်အနေနဲ့ လက်တွေ့ကျကျ ချဉ်းကပ်ဖို့ ဦးရည်မွန် မျှော်လင့်
🔹ရေနံနဲ့ သဘာဝဓါတ်ငွေ့ပိုက်လိုင်း အပါအဝင် တရုတ် စီမံကိန်းအားလုံးနီးပါးက တော်လှန်ရေးအင်အားစုတွေရဲ့ စိုးမိုးထိန်းချုပ်နယ်မြေထဲရောက်ရှိနေပြီဟု အသိပေး
၁ စက်တင်ဘာ ||| နွေဦးအသံ |||

လက်ရှိမှာ ရေနံနဲ့ သဘာဝဓါတ်ငွေ့ပိုက်လိုင်း အပါအဝင် တရုတ် စီမံကိန်းအားလုံး လိုလိုက တော်လှန်ရေးအင်အားစုတွေရဲ့ စိုးမိုးထိန်းချုပ်နယ်မြေထဲရောက်ရှိနေပြီ ဖြစ်ပြီး တရုတ်ပြည်အနေနဲ့ မြန်မာ့အရေးနဲ့ ပတ်သက်ရင် လက်တွေ့ကျကျ ချဉ်းကပ်ဆောင်ရွက်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က အသိပေးလိုက်ပါတယ်။
“ရေနံနဲ့ သဘာဝဓါတ်ငွေ့ပိုက်လိုင်း အပါအဝင် တရုတ် စီမံကိန်းအားလုံးလိုလိုဟာ ဒီကနေ့ ဆိုရင်တော့ တော်လှန်ရေးအင်အားစုတွေရဲ့ စိုးမိုးထိန်းချုပ်နယ်မြေထဲရောက်ရှိနေပါပြီ၊ အမျိုးသားညီညွတ်ရေးအစိုးရကတော့ သူရဲ့ တရုတ်ပြည်ဆိုင်ရာ မူဝါဒ၊ ဒါကို လူသိရှင်ကြား ထုတ်ပြန်ကြေညာပြီး ဖြစ်ပါတယ်”
– လို့ NUG ရဲ့ ထိန်းချုပ်နယ်မြေတွေအတွင်းရှိ တရုတ်စီမံကိန်းတွေအပေါ် တရုတ် ရဲ့ စိုးရိမ်ချက်နဲ့ ပတ်သက်ပြီး ဧရာဝတီရဲ့ မေးမြန်းမှုကို ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ဩဂုတ် ၃၁ ရက်မှာ ပြန်လည်ဖြေကြားခဲ့တာပါ။
ဒါ့အပြင် NUG အနေနဲ့ရော မဟာမိတ်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေအနေနဲ့ရော တရုတ်ရဲ့ အကျိုးစီးပွား၊ တရုတ်ရဲ့ လုံခြုံရေးနဲ့ ပတ်သက်ရင် ဘယ်လိုသဘောထားတယ်ဆိုတာကိုလည်း အတိအလင်း အသိပေးထားပြီး ဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ဆက်လက်ပြောဆိုပါတယ်။
“မြေပြင်က PDF ရဲဘော်တွေကတော့ NUG ရဲ့ မူဝါဒ၊ လမ်းညွန်ချက်အရ တရုတ် စီမံကိန်း အပါအဝင် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု အားလုံးကို အပွန်းအပဲ့မရှိအောင် အတတ်နိုင်ဆုံး ထိန်းသိမ်းစောင့်ရှောက်ပေးနေတယ်ဆိုတာလည်း အားလုံးအသိပါပဲ၊ အဲဒီတော့ တရုတ်ပြည်အနေနဲ့ မြန်မာ့အရေးနဲ့ ပတ်သက်ရင် လက်တွေ့ကျကျ ချဉ်းကပ်ဆောင်ရွက်လိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်” – လို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။
တရုတ်က သူရဲ့ ဝန်ထမ်းတွေနဲ့ စီမံကိန်းတွေကို လုံခြုံရေးအာမခံပေးဖို့ တောင်းဆိုခဲ့သလို အကြမ်းဖက်စစ်ကောင်စီကလည်း တရုတ် စီမံကိန်းတွေရဲ့ လုံ​ခြုံရေးကို အစွမ်းကုန် ကာကွယ်စောင့်ရှောက်သွားမယ်လို့ ကတိပေးခဲ့ပေမဲ့ လက်ရှိမှာတော့ ရေနံနဲ့သဘာဝဓါတ်ငွေ့ အပါအဝင် တရုတ်စီမံကိန်း အားလုံးနီးပါးက တော်လှန်ရေးအင်အားစုတွေရဲ့ ထိန်းချုပ်နယ်မြေထဲ ရောက်ရှိနေပြီ ဖြစ်တယ်လို့ သတင်းရရှိပါတယ်။
©The Voice of Spring