ငဖဲမြို့နယ်၊ နတ်ရေကန် စစ်တပ်စခန်း မကျဆုံးစေရေး စစ်ကူလာသော စစ်တပ်စစ်ကြောင်းကို ဖြတ်တောက်တိုက်ခိုက်မှု စစ်သား ၉ ဦးသေဆုံးပြီး လက်နက် ၉ လက်နှင့်ခဲယမ်းများ သိမ်း ဆည်းရရှိ
ရန်ကုန်၊ မေ ၁
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ နတ်ရေကန် စစ်တပ် စခန်းမကျဆုံးစေရေးအတွက် စစ်ကူလာသော စစ်သားများကို ဖြတ်တောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၉ ဦးသေဆုံးပြီး လက်နက် ၉ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ချင်းကာ ကွယ်ရေးတပ်ဖွဲ့ – အရှိုတပ်ဖွဲ့မှ တာဝန်ရှိသူ ဆလိုင်းရိုချင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြာားသည်။
ယမန်နေ့ ဧပြီလ ၃၀ ရက် နံနက် ၈ နာရီခန့်က ငဖဲမြို့နယ်၊ ပဇီကျေးရွာ ဘုန်း ကြီးကျောင်းတွင် စခန်းချ တပ်စွဲ ထားသော ကပစ ၁၃ မှ တပ်သား ၂၀ ခန့်က စစ်ကောင်စီတပ်၏ နတ်ရေကန်တပ်စခန်းမကျဆုံးစေရေး ကားလမ်း လုံ ခြုံရေး ဆောင်ရွက်ရန် ထွက်လာကြောင်း၊ အဆိုပါ စစ်တပ်စစ်ကြောင်းကို ချင်းကာကွယ်ရေးတပ် – အရှို (CDF – Asho) တပ်ဖွဲ့မှ ရဲဘော် များက တိုက်ခိုက်ခဲ့ရာ စစ်သား ၉ ဦးသေဆုံးပြီး ၎င်းတို့ကိုင်ဆောင်သော MA အမျိုးစား လက်နက် ငယ် ၉ လက်၊ ကျည်ဘောက်နှင့် ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
“တိုက်ပွဲကတော့ အောက်မြေကနေရော၊ ပုံမှန်နတ်ရေကန်ကိုရော၊ သူတို့ ပဇီကစစ်ကြောင်းတွေ အတွက်ရော အထူးသဖြင့် နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးတပ်မှာ ရှိနေတဲ့တပ်တွေကို ရိက္ခာဖြည့်တင်းဖို့ကိစ္စတွေအတွက် ကားတွေတက်မယ်ဆိုရင် အဲဒီကားတွေတက်ဖို့အဆင်ပြေစေဖို့ အတွက် အဲဒီလမ်းကြောမှာ လုံခြုံရေးလာယူရတဲ့သဘောမျိုးပါ၊ လုံခြုံရေးလာယူတာကို တိုက်ခိုက် တာဖြစ်ပါတယ်။ တိုက်ခိုက်တဲ့အချိန်မှာ ရန်သူအား လုံးကို အကုန်လုံးကို ရှင်းလင်းနိုင်လိုက်တာ မဟုတ်ပါဘူး။ ကျနော်တို့ရှင်းနိုင်လိုက်တဲ့ အလောင်းတွေရဲ့သေနတ်ကိုပဲ ရှင်းပြီးတော့ ယူနိုင်တာဖြစ် ပါတယ်” ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့ – အရှိုတပ်ဖွဲ့မှ တာဝန်ရှိသူ ဆလိုင်းရိုချင်းက ရန်ကုန်ခေတ် သစ် သတင်းဌာနထံသို့ ပြောကြာားသည်။
လတ်တလော မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ စစ်တပ်က စခန်းချ တပ်စွဲထားသော ပဇီရွာတပ်စခန်းတွင် တပ်မ ၉၉ ၊ ကပစ ၂ ၊ ကပစ ၁၀ ၊ ကပစ ၁၃ ၊ ကပစ ၁၄ တပ်တို့မှ စစ်သား အင်အား ၁၃၀ ခန့်ဖြင့် တပ်စွဲထားပြီး ယင်းစခန်းမှာ နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးတပ်စခန်း၏ ကာကင်းဖြစ်ပြီး ၊ ယင်းစခန်းမှ စစ်သားများက ပြည်သူ ပိုင် ပစ္စည်းများအား ခိုးယူရောင်း ချခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း၊ ပြည်သူများအနေဖြင့် စစ်ကောင်စီနှင့်ပူးပေါင်းမပြုလုပ်ရန် သတိပေးလိုကြောင်း တော်လှန်ရေးတပ်ဖွဲ့က ပြောဆိုသည်။
“ပြည်သူတွေဆီက တစ်ချို့စကားသံတွေပြန်ကြားရတာက ကြောက်ရွံ့တဲ့အတွက် စကစနဲ့ ပေါင်းရ တယ်ပေါ့၊ ကြောက်ရွံ့လို့ပေါင်းရတာကို ခွင့်လွှတ်လို့ ၊ ခွင့်ပြုလို့ရပေမယ့် စကစနဲ့ပေါင်းပြီးတော့မှ စကစရဲ့ထောက်တိုင်တွေဖြစ်အောင်၊ အထူးသဖြင့် ကျနော်ဆိုလိုတာက တကယ့်ရှေ့တန်းစစ်မြေပြင် မှာရှိနေတဲ့ ၊ ရှေ့တန်းစခန်းတွေမှာရှိနေတဲ့ ၊ တပ်စွဲထားတဲ့နေရာတွေမှာရှိနေတဲ့ စကစတွေကို ပူး ပေါင်းပြီးတော့မှ ရိက္ခာလမ်းကြောင်းအဆင်ပြေဖို့၊ ပြီးတော့ နေရေးထိုင်ရေးအဆင်ပြေဖို့ ဒီလိုကိစ္စ တွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေမလုပ်ဖို့ ၊ ပြီးတော့ စကစနဲ့ပေါင်းသင်းဆက်ဆံရတဲ့အပိုင်းတွေမှာ မလွှဲသာလို့ ပေါင်းသင်းနေရပြီဆိုရင်တောင်မှပဲ တော်လှန်ရေး တပ်ဖွဲ့တွေနဲ့ချိတ်ဆက်ပြီးတော့ ဘယ် လိုအပိုင်းတွေမှာ စကစနဲ့ပေါင်းထားရတယ်။ တခြားအချိန်တွေမှာတော့ စကစနဲ့ကင်းအောင် ဘယ် လိုနေထိုင်ပါတယ်ဆိုတဲ့ ဟာမျိုးတော့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အတတ်နိုင်ဆုံး ပြည်သူတွေ ပူးပေါင်းဖို့ ပြောချင်ပါတယ်” ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့ – အရှိုတပ်ဖွဲ့မှ တာဝန်ရှိသူ ဆလိုင်းရိုချင်း က တိုက် တွန်းပြောဆိုသည်။
မကွေးတိုင်း၊ ငဖဲမြို့နယ်သည် ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်နှင့် ထိစပ်လျက်ရှိပြီး ယင်းဒေသမှတစ်ဆင့် စစ်ကောင်စီ က အမ်းမြို့နယ်အတွင်းသို့ ဝင်ရောက်ရန် ကြိုးစားလျက်ရှိနေကြောင်း ဒေသတော်လှန်ရေးတပ်များက ပြောဆိုကြသည်။