ရခိုင်နှင့်ဧရာဝတီနယ်စပ်တိုက်ပွဲများကြောင့် လေးမျက်နှာမြို့ဘက်ကို စစ်ကောင်စီ ပြန်ဆုတ်

လမ်းကြောင်း ၃ ခုဖြင့် ဧရာဝတီတိုင်းကို ထိုးဖောက်နေသည့် AA က လေးမျက်နှာမြို့နယ်တိုက်ပွဲများတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို တုံ့ပြန်တိုက်ခိုက်လိုက်ပြီးနောက် စစ်ကောင်စီတပ်နှင့်ပျူ များသည် မြို့နှင့် ၂ မိုင်အကွာသို့ တပ်ပြန်ဆုတ်သွားကြသည်။

ရခိုင်ရိုးမမှ ဧရာဝတီတိုင်းသို့ အဓိက ဝင်ပေါက်ဖြစ်သည့် ဂွ-ငါးသိုင်းချောင်းကားလမ်း အနီးရှိ ငါးသိုင်း ချောင်း၊ ရေကြည်နှင့် လေးမျက်နှာမြို့နယ်များတွင် အာရက္ခတပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီက တပ်ဆုတ်နေရသည်ဟု ဒေသခံများနှင့်တော်လှန်ရေးတပ်ဖွဲ့များ ထံက သိရသည်။

ရခိုင်ရိုးမတောင်ခြေအနီး လေးမျက်နှာမြို့နယ်ရှိ ဝတ်ကုန်း၊ စမ်းကုန်း၊ ဝတ်ကုန်း၊ စမ်းကုန်း၊ တုံးတော၊ ရှားတောစုကျေးရွာများကို အာရက္ခတပ်တော်နှင့် မဟာမိတ်တပ်များက မတ်လဆန်းတွင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က လေကြောင်းဖြင့်နေ့စဉ် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ထိုနေရာများမှ ဆုတ်လာသည့် စစ်ကောင်စီတပ်သည် ဒေသခံ ပြည်သူ့စစ်(ခ) ပျူစောထီးတပ်များနှင့် ပူးပေါင်းပြီး ပုသိမ်-မုံရွာလမ်း အရှေ့ဘက်ရှိ ပန်းတောကြီးရွာတွင် တပ်စွဲထားရာ ဧပြီ ၁၇ ရက်နေ့တွင် အာရက္ခတပ်တော်နှင့် မဟာမိတ်ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ထပ်မံ ဆုတ်ခွာခဲ့ရခြင်း ဖြစ်သည်။

မတ်လကုန်တည်းက စစ်ကောင်စီတပ်နှင့် ပျူစောထီးတပ်များသည် ပန်းတောကြီး ရွာဘုန်းကြီးကျောင်း နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွဲ့ဖြိုးရေးပါတီဝင် အမတ်ဟောင်း ပိုင်ဆိုင်သည့် စားသောက်ဆိုင်တို့တွင် စခန်းချထားသည်၊ ၎င်းတို့ကို တော်လှန်ရေးတပ်များက လက်နက်ကြီးဖြင့် နေ့စဉ်ပစ်ခတ်ခဲ့သည်။

တော်လှန်ရေးတပ်များက ပန်းတောကြီးရွာကို ဝင်ရောက်တိုက်ခိုက်ပြီးနောက် ရွာနှင့် ၃ မိုင်အကွာ ၊ လေးမျက်နှာမြို့နှင့် ၂ မိုင်အကွာသို့ စစ်တပ် နှင့်ပျူများက တပ်ဆုတ်သွားသည် ဟု သိရသည်။

“ (ဧပြီ ၁၇) အတက်နေ့ ညမှာ ဝင်စီးပြီးတော့ ဟိုက ပြန်ဆုတ်သွားတယ်။ သူတို့ကလည်း အမြောက်တွေကို အတင်းတင်ပြီးတော့ သုံးမိုင်လောက်ကို ခွာသွားတယ်။ အပြင်မှာ ကင်းချထားတဲ့ သူတွေကို ဝင်ပစ်တာ အဲဒီမှာ သေတဲ့လူတွေလည်းသေတာပေါ့။ အမြောက်တပ်က ကားတွေကို အဆင်သင့်ထားတာ အဲဒါတွေ တင်ပြေးဖို့လေ”ဟု ပန်းတောကြီးဒေသခံတစ်ဦးက ပြောသည်။

ထို့နောက် ဧပြီ ၁၈ ရက်တွင် စစ်ကောင်စီလေတပ်က ပန်းတောကြီးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အိမ်ခြေ ၅၀၀ ကျော်ရှိသည့် ရွာသည် ဘုန်းကြီးကျောင်းအပါအဝင် အိမ်ခြေ ထက်ဝက်ကျော် မီးလောင်ကျွမ်း ပျက်စီးခဲ့သည်ဟု အထက်ပါ ပန်းတောကြီး ဒေသခံက ပြောသည်။

“နောက်နေ့ (ဧပြီ ၁၈) နှစ်ဆန်း တစ်ရက်နေ့ကျတော့ လေယာဉ်နဲ့ ဗုံးက မနက် ၉ နာရီ ၁၀ လောက် က တည်းက တောက်လျှောက်ကို ကြဲတော့တာ။ အဲဒီကနေစပြီး မနေ့က အထိ ( ဧပြီ ၂၉) အထိ ကြဲတုန်းပဲ။ ရွာတစ်ရွာလုံးကို ကုန်တော့တာပဲ” ဟု ၎င်းက ဆက်ပြောသည်။

ပန်းတောကြီးရွာမှ ဆုတ်သွားသည့် စစ်ကောင်စီတပ်နှင့်ပျူများသည် လေးမျက်နှာမြို့တစ်ဖက်ကမ်းရှိ ငဝန်မြစ်ကူးတံတားအနီး ဆီဆုံကုန်းမှာ တပ်ချထား​ပြီး နေရာယူထားပြီး ပန်းတောကြီးနှင့် လေးမျက်နှာ မြို့ကြားတလျောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက နေရာယူ တပ်ဖြန့် ထားသည်ဟု ဒေသခံများထံက သိရသည်။

တိုက်ပွဲများကြောင့် ပုသိမ်-မုံရွာကားလမ်း အရှေ့ဘက်ရှိ ပန်းတောကြီးကျေးရွာအုပ်စုကျေးရွာများ ဖြစ် သော မြို့ကုန်း၊ ကျောက်ဆစ်ကုန်း၊ မကျည်းပင်ကွင်းရွာတို့မှ ဒေသခံ ထောင်နှင့်ချီ စစ်ရှောင်နေရပြီး လေယာဉ်ဗုံးကြဲမှုကြောင့် လူသေဆုံးမှုများလည်း ရှိသည်ဟု သိရသည်။

ယခုနှစ် ဇန်နဝါရီလက စတင်ပြီး AA နှင် မဟာမိတ်ပူပေါင်းတပ်များသည် ရခိုင်ကမ်းရိုးတန်းတလျှောက် မကျီးဇင် ၊ ဘောမိနှင့် စစ်စခန်းငယ်များ ကို သိမ်းပိုက်နိုင်ခဲ့ပြီး နောက် ဧရာဝတီတိုင်းအတွင်း ရွေ့လျား လာခဲ့ခြင်းဖြစ်သည်။

ထို့နောက် ဖေဖော်ဝါရီမှစတင်ကာ ဧရာဝတီတိုင်းသို့ အဓိကဝင်ပေါက်ဖြစ်သည့် ဂွ-ငါးသိုင်းချောင်းလမ်း အနီးရှိ ငါးသိုင်းချောင်း၊ ရေကြည်နှင့်လေးမျက်နှာမြို့နယ်များတွင် AA က နေရာသုံးခုခွဲပြီး စစ်ကြောင်း များထိုးနေသည်။

ဂွ-ငါးသိုင်းချောင်းလမ်းကို ထိန်းချုပ်နိုင်ရန် အဓိက အရေးပါသည့် သာပေါင်းမြို့နယ်အတွင်းရှိ အမှတ် (၃၀၈) ခြေမြန်တပ်ရင်းနှင့် ရေကြည်မြို့နယ်ရှိ အမြောက်တပ် (၃၄၄) တို့ကိုလည်း AA က ထိုးစစ်ဆင် တိုက်ခိုက်နေသည်။

လက်ရှိတွင် စစ်ကောင်စီတပ်သည် ဂွ-ငါးသိုင်းချောင်းလမ်း၏ အဓိက အရေးပါသည့် ရေနံ့သာဂိတ်ကို ပိတ်ထားပြီး ငဝန်မြစ်အနောက်ဘက်ကမ်းဒေသကို ဖြတ်လေးဖြတ် စစ်ဆင်ရေးဖြင့် ပိတ်ဆို့ထားသည်ဟု ဒေသခံတော်လှန်ရေးတပ်ဖွဲ့ တစ်ဦးက ပြောသည်။

“ ဖြတ်လေးဖြတ် ပုံစံမျိုးပေါ့။ ရိက္ခာဆိုရင် ဘယ်လောက်ပဲ သယ်ရမယ်။ အဆိုးဆုံးကတော့ လူတစ်ယောက်ကို ဆန်၊ ဆီ တစ်ပတ်စာ ဘယ်လောက်သယ်ရမယ်ဆိုတာမျိုး တင်းကျပ်တယ်။ စက်သုံးဆီဆိုရင် လေးမျက်နှာအနောက်ဘက်ခြမ်းဒေသများကို လုံးဝခွင့်မပြုတော့ဘူး” ဟု ၎င်းက ဆက်ပြောသည်။

အင်္ဂပူမြို့အနီးရှိ အမှတ်(၅) လေ့ကျင့်ရေးတပ် (တကက ၅) ဝန်းကျင်တွင်လည်း တိုက်ပွဲများဖြစ်နေပြီး အင်္ဂပူမြို့ပေါ်တွင် ပြည်သူ့လုံခြုံရေး အဖွဲ့များ ဖွဲ့စည်းနေပြီး အဓမ္မ စစ်သား စုဆောင်းနေသည်ဟု ၎င်းက ဆက်ပြောသည်။

“ဟင်္သာတမြို့နဲ့ ၂၄ မိုင်ကို ရောက်နေပြီလို့ ပြောလို့ရတယ်။ မြောက်စမ်းမှာ ရှိတဲ့ အမြောက်တပ် ၃၄၄ မှာ တော့ သူတို့ဘက်က ပြန်ပြီးတော့ အင်အားဖြည့်တင်းနေတာမျိုးရှိတယ်။ တချို့ဆိုရင် တစ်ရွာကို လူ ၂၀ ပေးရမယ်။ ၃၀ ပေးရမယ်ဆိုတာမျိုးတွေ လုပ်လာတယ်” ဟု ၎င်းက ပြောသည်။

ပဲခူးတိုင်းအနောက်ခြမ်း ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးရွာတဝိုက် တိုက်ပွဲများဖြစ်နေသလို ဧရာဝတီ တိုင်းတွင်လည်း တိုက်ပွဲများရှိနေကြောင်း AA ပြောခွင့်ရသူက Myanmar Now ကို မတ်လအတွင်း ပြောထားသည်။

ရခိုင်ရိုးမနှင့်ဧရာဝတီနယ်စပ် ဂွ-ငါးသိုင်းချောင်းလမ်းအနီး စစ်ကောင်စီတပ်မှာ အရေးနိမ့်နေပြီး တပ်စခန်း များမှ ဆုတ်ခွာပေးနေရသည်၊ စစ်ကောင်စီတပ် အဓိကဗျူဟာကုန်းဖြစ်သည့် မြောက်စမ်းအမြောက်တပ် မှာလည်း ခံစစ်အနေအထားဖြစ်နေသည်ဟု ဗိုလ်ကြီး ဇင်ယော်ကလည်း ပြောသည်။

“လေးမျက်နှာမှာတော့ ပန်းတောကြီးလောက်ထိ ပြန်ဆုတ်ထားရတယ်။ မြောက်စမ်း မှာဆိုရင် အမြောက် တပ် ၃၄၄ ဆိုလည်း ပတ်လည် ခံစစ်ဆင်နေရတယ်။ အပြင်က ကာကင်းတွေ အကုန်လုံး ရုတ်သွားရတဲ့ အနေအထားမျိုးတော့ ရှိတယ်”

ဧရာဝတီတိုင်းအတွင်း ဖြစ်ပွားသည့် တိုက်ပွဲများနှင့် ပတ်သတ်ပြီး စစ်ကောင်စီတပ်က သတင်းထုတ်ပြန် ခြင်း မရှိသေးပေ။

ဂွ-ငါးသိုင်းချောင်းလမ်းနှင့် ဆက်စပ်နေသည့် ထိုလမ်းဆုံများကို စစ်တပ်က ဖြတ်သန်းသွားလာခွင့် ပိတ် ထား၍ အဆိုပါလမ်းများကို အရေးတကြီးကိစ္စမှအပ အသုံးမပြုရန် ရေကြည်မြို့နယ် ပြည်သူ့ကာကွယ် ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

ရခိုင် ၁၄ မြို့နယ်၊ ချင်း ၁ မြို့နယ်ကို သိမ်းပိုက်ထားသော AA သည် ရခိုင်တွင် ကျောက်ဖြူမြို့နယ်တွင် တိုက်ပွဲတချို့ရှိနေပြီး ရခိုင်ရိုးမတောင်တန်းဒေသနှင့် ထိစပ်နေသည့် ပဲခူးတိုင်း ၊ မကွေးတိုင်း၊ ဧရာဝတီ တိုင်းတို့တွင်လည်း စစ်မျက်နှာဖွင့်ထားသည်။