နေပြည်တော်တွင် စစ်ကိုင်းငလျင်ကြောင့် ဝန်ကြီးဌာနရုံးနှင့်ဝန်ထမ်းအိမ်ရာများ ပြိုကျပျက်စီးမှုအတွက် မူလတည် ဆောက်ခဲ့သော ခရိုနီကုမ္ပဏီများက ပြန်တည်ဆောက်ပေးရန် မင်းအောင်လှိုင်က အမိန့်ပေး 🟥 နေပြည်တော်ကို အရည်အသွေးမမီဘဲ တည်ဆောက်ခဲ့မှုများကြောင့် ပြိုကျပျက်စီးဟု မင်းအောင်လှိုင်က အပြစ်တင်

by

in

နေပြည်တော်တွင် စစ်ကိုင်းငလျင်ကြောင့် ဝန်ကြီးဌာနရုံးနှင့်ဝန်ထမ်းအိမ်ရာများ ပြိုကျပျက်စီးမှုအတွက် မူလတည် ဆောက်ခဲ့သော ခရိုနီကုမ္ပဏီများက ပြန်တည်ဆောက်ပေးရန် မင်းအောင်လှိုင်က အမိန့်ပေး
🟥 နေပြည်တော်ကို အရည်အသွေးမမီဘဲ တည်ဆောက်ခဲ့မှုများကြောင့် ပြိုကျပျက်စီးဟု မင်းအောင်လှိုင်က အပြစ်တင်
ရန်ကုန်၊ ဧပြီ ၃၀
နေပြည်တော်တွင် စစ်ကိုင်းငလျင်ကြောင့် ဝန်ကြီးဌာနရုံးနှင့်ဝန်ထမ်းအိမ်ရာများ ပြိုကျပျက်စီးမှုအတွက် မူလတည် ဆောက်ခဲ့သော ခရိုနီကုမ္ပဏီများအနေဖြင့် ပြန်လည် ပါဝင် တည်ဆောက်ပေးရန် မင်းအောင်လှိုင်က အမိန့်ပေးထားကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။
မတ်လ ၂၈ ရက်နေ့ ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ စစ်ကိုင်းငလျင်ကြီးလှုပ်ခတ်မှုကြောင့် နေပြည်တော်တွင် သမ္မတရုံး၊ ဝန်ကြီးဌာနရုံး၊ ဝန်ထမ်းအိမ်ရာများ၊ စစ်ရုံးများ၊ ဆေးရုံများ၊ သမ္မတအိမ်တော်၊ လွှတ်တော် အပါအဝင် ဌာနဆိုင်ရာရုံး အများစု ပြိုကျပျက်စီးခဲ့ရာတွင် မူလ တည်ဆောက်ခဲ့သော ခရိုနီကုမ္ပဏီများက ပြန်လည် ပါဝင် တည်ဆောက်ပေးရန် မင်းအောင်လှိုင်က ညွှန်ကြားထားခြင်းဖြစ်ကြောင်း သိရှိရသည်။
“အရည်အသွေးမမီဘဲ တည်ဆောက်ခဲ့လို့ အခုလို ပြိုကျပျက်စီးမှုတွေ ဖြစ်တယ်။ အဲဒီအတွက် မူလတည်ဆောက်ခဲ့တဲ့ ဆောက်လုပ်ရေးကုမ္ပဏီတွေအနေနဲ့ ပြန်လည် တည်ဆောက်ပေးဖို့ တာဝန်ရှိတယ်။ လိုအပ်တဲ့ သွင်းကုန် ဘိ လပ်မြေတွေ၊ သံနဲ့ ဆောက်လုပ်ရေးပစ္စည်းတွေကိုတော့ ညှိနှိုင်းပြီးတော့ အခွန်ပေးစရာမလိုဘဲ တင်သွင်းခွင့်ပေးမယ်။ ပြန်တည်ဆောက်ပေးဖို့ မူလကုမ္ပဏီတွေမှာ တာဝန်ရှိတယ်ဆိုပြီး ညွှန်ကြားချက် ထွက်ထားပါတယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။
နေပြည်တော် တည်ဆောက်ရေး အထူးဖွံ့ဖြိုးရေး စီမံကိန်းတွင်ပါဝင်ခဲ့သည့် ကုမ္ပဏီများအနေဖြင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီ အဆောက်အဦများပြန်လည်ပြုပြင်အသုံးချရေးနှင့် အသစ်တည်ဆောက်ရေး ကြီးကြပ်မှုကော်မတီထံသို့ ဆက်သွယ်ရန် ဧပြီလ ၂၆ ရက်နေ့တွင် စစ်ကောင်စီက အမိန့် ညွှန်ကြားချက် ထုတ်ပြန်ခဲ့သည်။
မင်းအောင်လှိုင်က နေပြည်တော်ကို ပြန်လည် တည်ဆောက်ရေးအတွက် ကာကွယ်ရေးဝန်ကြီးဗိုလ်ချုပ်ကြီးမောင်မောင်အေးကို တာဝန်ပေးထားပြီး နေပြည်တော်ရှိ ရုံး၊ ဌာနများ၊ အထူးအဆောက်အဦများ၊ အိမ်ရာများ အုပ်ချုပ်မှုဆိုင်ရာ အဆောက်အဦများနှင့် အခြားအဆောက်အဦတည်ဆောက်ရေးလုပ်ငန်းများတွင် ပါဝင်သော ကုမ္ပဏီများကို ပြန်လည် ဆက်သွယ်ခိုင်းခြင်းဖြစ်သည်။
“နေပြည်တော် ဆောက်တဲ့အချိန်မှာ စာချုပ်တွေ ရှိခဲ့ဖူးတယ်။ အဲဒီစာချုပ်စာတမ်းတွေထဲမှာပါတဲ့ မူလကုမ္ပဏီတွေက ကုမ္ပဏီ ဆက်လက် တည်ရှိသည်ဖြစ်စေ၊ မရှိတော့သည်ဖြစ်စေ ဆက်သွယ်ရမှာပါ။ မဆက်သွယ်ရင်တော့ နောက်ဆက်တွဲ အရေးယူမှုတွေ ရှိလာနိုင်ပါတယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ရှင်းပြသည်။
နေပြည်တော်ကို တည်ဆောက်ခဲ့သည့် ဆောက်လုပ်ရေးကုမ္ပဏီများကလည်း မင်းအောင်လှိုင်၏ အမိန့်ညွှန် ကြားချက်ကြောင့် အရေးယူခံရမည်ကို စိုးရိမ်နေကြပြီး လက်ရှိကုန်စျေးနှုန်းဖြင့် ပြိုကျသွားသော အဆောက်အအုံများကို ပြန်လည် တည်ဆောက်ခိုင်းပါကလည်း အရှုံးပေါ်နိုင်ကြောင်း ပြောဆိုကြသည်။
“ဆောက်လုပ်ရေးကုမ္ပဏီတွေဘက်ကလည်း လက်ရှိ ကုန်စျေးနှုန်းနဲ့ ပြန်ဆောက်ပေးဆိုရင် ဘယ်လိုမှ မဖြစ်နိုင်ဘူး။ အရှုံးပေါ်မှာပဲ။ ညှိညှိနှိုင်းနှိုင်း မလုပ်ရင်တော့ ပြန်ဆောက်ပေးမယ့်အစား ထောင်ကျခံရမယ့် အနေအထားမျိုးတွေ ဖြစ်လာနိုင်တယ်။ ဒါလည်း အားလုံး စိုးရိမ်နေကြတယ်။ တချို့ခရိုနီတွေ အိပ်တောင် မပျော်ကြဘူး” ဟု UMFCCI မှ အဖွဲ့ဝင် စီးပွားရေးသမားတစ်ဦးက ဆိုသည်။
၂၀၀၆ ခုနှစ်တွင် အစိုးရဝန်ကြီးဌာနများကို နေပြည်တော်သို့ အပြီးပြောင်းရွှေ့ကာ မြို့တော်အဖြစ် သတ်မှတ်ခဲ့ပြီး ထိုအချိန်က နေပြည်တော်ကို ထူး၊ အေဒင်၊ အေးရှားဝေါလ်၊ မက်စ်မြန်မာ၊ IGE၊ ဧရာရွှေဝါ၊ ACE အပါအဝင် ခရိုနီကုမ္ပဏီကြီးများက တည်ဆောက်ပေးခဲ့ကြခြင်းဖြစ်သည်။