(AA နှင့်) ကင်းကင်းရှင်းရှင်း နေချင်ရင်တောင် နေလို့မရတော့ပါဘူး …. ရခိုင်ကို လူသားစာနာ အကူအညီပေးရေးစင်္ကြံဖွင့်ဖို့ ကုလသမဂ္ဂ၏ တောင်းဆိုချက် ဘင်္ဂလားဒေ့ရှ် သဘောတူ

by

in

(AA နှင့်) ကင်းကင်းရှင်းရှင်း နေချင်ရင်တောင် နေလို့မရတော့ပါဘူး ….
ရခိုင်ကို လူသားစာနာ အကူအညီပေးရေးစင်္ကြံဖွင့်ဖို့ ကုလသမဂ္ဂ၏ တောင်းဆိုချက် ဘင်္ဂလားဒေ့ရှ် သဘောတူ
ဧပြီ ၂၈၊ ၂၀၂၅
ဘင်္ဂလားဒေ့ရှ်ကတဆင့် မြန်မာပြည်ကို လူသားချင်းစာနာမှု အကူအညီပေးရေးစင်္ကြံဖွင့်ဖို့ ကုလသမဂ္ဂရဲ့ တောင်းဆိုချက်ကို ဘင်္ဂလားဒေ့ရှ်က သဘောတူညီခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
“မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးပို့ဖို့အတွက် ကုလသမဂ္ဂအနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုဖြတ်ပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စင်္ကြံတခု ဖန်တီးချင်နေပါတယ်။ (ဘင်္ဂလားဒေ့ရှ်) အသွင်ကူးပြောင်းရေးကာလ အစိုးရဟာ အခြေအနေတွေအရ ဒါကို မူအရသဘောတူထားပါတယ်” လို့ နိုင်ငံခြားရေး အကြံပေး Md. Towhid Hossain က မြို့တော် ဒါကာမှာ သတင်းထောက်တွေကို တနင်္ဂနွေနေ့က ပြောပါတယ်။
“ဒါဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လမ်းကြောင်းတခု ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ကျနော်တို့မှာ အခြေအနေအချို့တော့ ရှိတယ်။ အသေးစိတ်တော့ မပြောသေးပါဘူး။ အခြေအနေတွေ ပြည့်မီရင် ကျနော်တို့ ကူညီမှာပါ” လို့ သူက ဆက်ပြောပါတယ်။
သန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေတာကြောင့် မြန်မာပဋိပက္ခဟာ ဘင်္ဂလားဒေ့ရှ်ရဲ့ အကျိုးစီးပွားနဲ့ ဆက်စပ်နေကြောင်း၊ သူတို့ကိုလည်း ပြန်ပို့ချင်တာကြောင့် လုပ်ဖို့လိုတာအကုန် လုပ်ရလိမ့်မယ်လို့ Hossain က ပြောပါသေးတယ်။
အာရက္ခတပ်တော်ကို ပိတ်ဆို့ဖို့အတွက် စစ်ကောင်စီက ထောက်ပံ့ရေးပစ္စည်းတွေ အားလုံး ဖြတ်တောက်ထားတာက ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကျပ်အတည်းအခြေအနေ ပိုမိုဆိုးရွားစေပါတယ်။
ရခိုင်မှာ အငတ်ဘေးကျရောက်မှာကို စိုးရိမ်တာကြောင့် လူသားချင်းစာနာမှု အကူအညီတွေ ပေးပို့မဲ့ စင်္ကြံတခုလုပ်ဖို့ ကုလသမဂ္ဂက ဘင်္ဂလားဒေ့ရှ်ကို တောင်းဆိုထားတာပါ။
သာမန်ပြည်သူတွေကို ကူညီဖို့ လူသားချင်းစာနာမှု စင်္ကြံထားရှိပေမယ့် ၎င်းကို အခြေပြုပြီး မူးယစ်ဆေးနဲ့ လက်နက်မှောင်ခိုမှုတွေလို တရားမဝင် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေ ဖြစ်နိုင်တဲ့အပေါ်လည်း စိုးရိမ်နေတာပါ။
ဒါကို တုံ့ပြန်တဲ့အနေနဲ့ Hossain က “စင်္ကြံကို ကုန်စည်အတွက်ပဲ စဉ်းစားထားတယ်၊ လက်နက်တွေ သယ်ယူဖို့ ခွင့်မပြုဘူး” လို့ ဆိုပါတယ်။
ဒါ့အပြင် လက်ရှိ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တခုလုံးကို စစ်ကောင်စီက မထိန်းချုပ်နိုင်တော့ဘဲ၊ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတစ်ခုရဲ့ လက်အောက်ကို ရောက်သွားပြီလို့လည်း သူကဆိုပါတယ်။
“မြန်မာဗဟိုအစိုးရ (စစ်ကောင်စီ) အနေနဲ့ အဲဒီမှာ ထိန်းချုပ်မှု လုံးဝမရှိ‌နေတော့ဘူး။ ဒါ‌ကြောင့် (ကျနော်တို့အနေနဲ့) အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတစ်ခုနဲ့ တရားဝင် ဆက်သွယ်လို့ မရပေမယ့်၊ လုံးဝ အဆက်အသွယ် မလုပ်လို့လည်း မရပါဘူး။ ကျနော်တို့အနေနဲ့ AA နဲ့ ကင်းကင်းရှင်းရှင်း နေချင်ရင်တောင် နေလို့မရတော့ပါဘူး” လို့ သူက ပြောခဲ့ပါတယ်။
“ဒါကြောင့် ကိုယ်ပိုင်အကျိုးစီးပွားအတွက် ကျနော်တို့အနေနဲ့ ဆက်သွယ်ရေးကို လိုအပ်သလို ထိန်းထိန်းသိမ်းသိမ်း လုပ်သွားမှာပါ” လို့ သူက ပြောပါတယ်။
News – TRTGlobal