စစ်ကိုင်းငလျင်ကြီး ၁ လပြည့်ခဲ့ပြီဖြစ်သော်လည်း ငလျင်ဒဏ်သင့်ပြည်သူများ ထိရောက်သော အကူအညီများ မရဘဲ ကိုယ်ထူကိုယ်ထဖြင့်သာ ရှင်သန်ရပ်တည်နေရ

by

in

စစ်ကိုင်းငလျင်ကြီး ၁ လပြည့်ခဲ့ပြီဖြစ်သော်လည်း ငလျင်ဒဏ်သင့်ပြည်သူများ ထိရောက်သော အကူအညီများ မရဘဲ ကိုယ်ထူကိုယ်ထဖြင့်သာ ရှင်သန်ရပ်တည်နေရ
ရန်ကုန်၊ ဧပြီ ၂၈

မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက်နေ့ ပြင်းအား ၇ ဒသမ ၇ ဖြင့် လှုပ်ခတ်ခဲ့သော စစ်ကိုင်းငလျင်ကြီး ၁ လပြည့်ခဲ့ပြီဖြစ်သော်လည်း ငလျင်ဒဏ်သင့်ပြည်သူများ ထိရောက်သော အကူအညီများ မရဘဲ ကိုယ်ထူကိုယ်ထဖြင့်သာ ရှင်သန်ရပ်တည်နေရကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနက ဆက်သွယ်မေးမြန်းခွင့်ရရှိခဲ့သည့် စစ်ကိုင်းနှင့် မန္တလေးဒေသပြည်သူ ၂၀ ဦးက ဖြေဆိုကြသည်။
မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သည့် စစ်ကိုင်းငလျင်ကြီးကြောင့် မန္တလေးနှင့် စစ်ကိုင်းမြို့မှာ ပျက်စီးမှုအများဆုံး မြို့ ၂ ခုတွင်ပါဝင်ခဲ့ပြီး သေဆုံးသူလည်း များပြားခဲ့ကြောင်း၊ မြို့နှစ်ခုလုံးတွင် အိမ်ပြိုကျပျက်စီးမှုများပြားခဲ့သည့်အပြင် မပြိုကျခဲ့သော်လည်း နေထိုင်၍ မရဖြစ်ခဲ့ရသော နေအိမ်နှင့် အဆောက်အအုံများစွာ ရှိကြောင်း၊ ငလျင် လှုပ်ခတ်ခဲ့မှု ၁ လပြည့်ခဲ့သော်လည်း လက်ရှိအချိန်အထိ စစ်ကိုင်းနှင့်မန္တလေးမြို့ နှစ်ခုစလုံးမှာ ပုံမှန် အခြေအနေသို့ ပြန်မရောက်နိုင်သေးဘဲ အပျက်အစီး အပြိုအပျက်များ ရှင်းလင်းနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။
“စစ်ကိုင်းမြို့က သေးသေးလေးလေးပေမယ့် ငလျင်ကြောင့် ပျက်စီးမှုက မြို့ပေါ်မှာဆိုရင် ၈၀ ရာခိုင်နှုန်း သော နေအိမ် အဆောက်အအုံတွေ ထိခိုက်ပြိုကျပါတယ်။ မပြိုဘူးဆိုတဲ့ အိမ်တွေကလည်း ယိုင်သွားတာ၊ ဖောင်ဒေးရှင်းထိသွားတာတွေကြောင့် နေမရတော့ပါဘူး။ အိမ်အပြိုအပျက်တွေလည်း ကိုယ့်ဟာကိုယ်ပဲ ဖျက်ရပါတယ်။ ရှင်းလင်းရေး ကိုယ်တိုင်ပဲ လုပ်ရပါတယ်။ အကူအညီဆိုလို့ ငလျင်လှုပ်တဲ့အချိန်တုန်းက ရပ်ကွက်ရုံးက ပေးတဲ့ သောက်ရေသန့် ၅ ကတ်၊ ခေါက်ဆွဲခြောက်ထုပ်၊ ဆိုလာဓာတ်မီးအိမ်တစ်ခု၊ ထမင်းထုပ် ၅ ရက်ရခဲ့ပါတယ်။ အဲဒီနောက်ပိုင်းတော့ ရပ်ကွက်ရုံးက အိမ်ပြိုစာရင်းဆိုပြီး ခဏခဏ လာကောက်တယ်။ စာရင်းသာကောက်တယ်။ ဘာမှလည်း ကူညီမပေးပါဘူး။ ငွေရေးကြေးရေးလည်း ဘာအကူအညီမှ မရပါဘူး။ အိမ်လည်း ပြန်မဆောက်နိုင်ပါဘူး။ ကံကောင်းတာက မိသားစုအားလုံး အဖိတ်အစင်မရှိလို့ အဆိုးတဲ့အကောင်းလို့ပဲ ပြောရမယ်” ဟု စစ်ကိုင်းမြို့၊ ဇေယျာကွက်သစ်ရပ်ကွက်တွင် နေထိုင်ပြီး ငလျင်ကြောင့် နှစ်ထပ်တိုက်ပြိုပျက်ခဲ့သည့် အိမ်ပိုင်ရှင်တစ်ဦးက ဆိုသည်။
မန္တလေးတွင်လည်း စစ်ကိုင်းငလျင်ကြီးကြောင့် နေအိမ်များ ထိခိုက်ပျက်စီးမှုများပြားခဲ့ကာ ငွေကြေးတတ်နိုင်သော စီးပွားရေးသမားများနှင့် လုပ်ငန်းရှင်များ၊ ချမ်းသာကြွယ်၀သူများမှာ မြို့ကို စွန့်ခွာသွားကြပြီဖြစ်ကြောင်း၊ ငလျင်ကြီးလှုပ်ခတ်ခဲ့သည်မှာ ၁ လ ကြာမြင့်သော်လည်း အပျက်အစီး အပြိုအပျက်များ ရှင်းလင်းနိုင်ခြင်းမရှိသေးကြောင်း၊ အထူးသဖြင့် ငလျင်အပြိုအပျက်များတွင် ပိုင်ဆိုင်သော ပစ္စည်းဥစ္စာများ ပါသွားခဲ့ကြောင်း၊ ကယ်ဆယ်ရေးနှင့် ရှင်းလင်းရေး လုပ်ကိုင်သော စစ်တပ်၊ မီးသတ်နှင့် စည်ပင်တို့က ရှာဖွေတွေ့ရှိသော ပစ္စည်းများကို ယူဆောင်ထားပြီး ပြန်လည် ပေးဆောင်ခြင်းမရှိဟုဆိုကြသည်။
“Sky Villa မှာ မိသားစုရဲ့ ပိုင်ဆိုင်မှု ရတနာတွေနဲ့ စိန်၊ ကျောက်စိမ်းတွေ မီးသတ်နဲ့ စစ်တပ်က တွေ့တော့ ရက်ပိုင်းလောက်ကြာရင် ပိုင်ရှင်စိစစ်ပြီး ပြန်ပေးမယ်ထင်ခဲ့တာ။ အခု ၁ လပြည့်သွားတော့ မိသားစုဝင် တွေရဲ့ မှတ်ပုံတင် သန်းခေါင်စာရင်း ပတ်စ်ပို့စ်တွေပဲ ပြန်ပေးတယ်။ ရတနာ၊ စိန်နဲ့ ကျောက်စိမ်းတွေ ပြန်မပေးဘူး။ လိုက်မေးတော့လည်း ဟိုလွှဲချ၊ ဒီလွှဲချဖြစ်နေတယ်။ အကူအညီရဖို့ နေနေသာသာ ကိုယ်ပိုင်တဲ့ ပစ္စည်းတောင် ပြန်ပေးပါ့မလား စိုးရိမ်နေရတယ်။ မိသားစုတွေလည်း အချိန်မီ မကယ်နိုင်ခဲ့လို့ ဆုံးပါးခဲ့ရတယ်။ အခုတစ်ခါ မိသားစုပိုင်တန်ဖိုးရှိ ရတနာတွေလည်း ပြန်မရဘူး” ဟု Sky Villa တွင် မိသားစုဝင်များ ဆုံးပါးခဲ့ပြီး ရတနာများ ပျောက်ဆုံးခဲ့ရသည့် အိမ်ပိုင်ရှင်တစ်ဦးက ဆိုသည်။
အလားတူပင် စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်မှုကြောင့် လူဦးရေ ရာချီ သေဆုံးခဲ့ရသော အမရပူရမြို့နယ်၊ဘုံးအိုးကျေးရွာတွင်လည်း ပြည်သူများမှာ အကူအညီများ လိုအပ်နေကြောင်း၊ ငလျင်လှုပ်ခတ်ခဲ့သည့် အချိန်က စားနပ်ရိက္ခာ၊ ရေ၊ ဆေးဝါးများ လာရောက် လှူဒါန်းသော်လည်း နောက်ပိုင်းတွင် လှူသူလည်းမရှိသကဲ့သို့ နေအိမ်များ ပြန်လည် တည်ဆောက်ရေး အပါအဝင် ပြန်လည်ထူထောင်ရေးအတွက် အလွန်အခက်အခဲ ဖြစ်နေကြောင်း သိရှိရသည်။
“ငလျင်လှုပ်ခတ်ပြီးပြီးချင်းကတော့ လာကြတယ်။ အများကြီးပဲ။ ရေ၊ ဆေးဝါး၊ စားနပ်ရိက္ခာ လာလှူကြတယ်။ ရွာဘောလုံးကွင်းထဲမှာ တဲတွေထိုးပြီး နေကြတာပေါ့။ အခုတော့ အလှူရှင်လည်း သိပ်မရှိတော့ဘူး။ လူတွေကတော့ ပြိုပျက်သွားတဲ့ နေရာတွေမှာ ပြန်နေတာလည်းရှိတယ်။ တချို့လည်း အခြားနေရာတွေ ရွှေ့ပြောင်းကုန်ကြတယ်။ အကူအညီကတော့ငလျင်လှုပ်တုန်းက စားစရာ သောက်စရာကလွဲရင် အခုထက်ထိတော့ ဘာမှ မရဘူး။ ရွက်ဖျင်တဲလေးတွေလည်း ရလိုက်တာရှိတယ်။ အဆိုးဆုံးပြိုတာက ဗလီမှာ ဝတ်ပြုတဲ့အချိန် ပြိုကျပြီး ဆုံးကြတာပါ။ မိသားစုတွေမှာ အိမ်ထောင်ဦးစီး အမျိုးသားတွေ ဆုံးသွားကြတာ များတော့ ပိုဒုက္ခရောက်ကြတယ်” ဟု အမရပူရမြို့နယ်၊ ဘုံးအိုးကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တစ်ဦးက ရှင်းပြသည်။
မန္တလေးမြို့မှ လူငယ်တစ်ဦးကမူ ငလျင်လှုပ်ခတ်ပြီးနောက် မန္တလေးတွင် အလုပ်အကိုင် ရှားပါးမှုနှင့် စီးပွားရေးလုပ်ငန်းများ ပြန်လည် လည်ပတ်နိုင်ခြင်းမရှိတော့သည့် အခြေအနေ ရှိနေသည်ဟုဆိုသည်။
“အလုပ်တွေ ရှာမရဘူး။ နဂို ငလျင်မလှုပ်မီက အလုပ်အကိုင်၊ ကုမ္ပဏီတွေလည်း တချို့သာ ပြန်ပြီး လည်ပတ်တယ်။ အများစုက မလည်ပတ်နိုင်သေးဘူး။ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဘူး။ အလုပ်မရှိ ဝင်ငွေမရှိတာက အဆိုးဆုံးပဲ။ ပြန်လည်ထူထောင်ရေးအတွက်က အလုပ်နဲ့ ဝင်ငွေ အရေးကြီးပါတယ်” ဟု မန္တလေးမှ ဆေးကုမ္ပဏီ အရောင်းမြှင့်တင်ရေးလုပ်ကိုင်ခဲ့သူ လူငယ်က ဆိုသည်။
စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ပြီးသည့်တိုင် ပြည်သူများ ပြန်လည် ထူထောင်ရေး ခက်ခဲမှုများနှင့်အတူ ရင်ဆိုင်နေရသည့် အဓိက ပြဿနာမှာ စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုနှင့် ငလျင်ထပ်မံ လှုပ်ခတ်မည်ကို စိုးရိမ်သော စိတ်ဒဏ်ရာဖြစ်ကြောင်း စစ်ကိုင်းနှင့် မန္တလေးမှ ပြည်သူများအားလုံးက တူညီစွာ ပြောဆိုကြသည်။
“နောက်ဆက်တွဲ ငလျင်တွေကလည်း ခဏခဏ လှုပ်တော့ အိမ်ထဲဝင်မနေရဲဘူး။ အိမ်ထဲမှာ ဝင်အိပ်ရင် ငလျင်လှုပ်ပြီး ထပ်ပြိုကျမယ်လို့ အမြဲတွေးနေတယ်။ တိုက်တွေနားဖြတ်လျှောက်ရင်လည်း ငါ့အပေါ် ပြိုကျမယ်ဆိုတဲ့စိတ်မျိုးဖြစ်နေတယ်” ဟု စစ်ကိုင်းမြို့တွင် ဖုန်းအရောင်းအိမ်ဆိုင် ပြိုကျပျက်စီးခဲ့ရသည့် ဆိုင်ပိုင်ရှင်တစ်ဦးက ရှင်းပြသည်။
မန္တလေးမှ အိုးဝေဆိုင်ကယ်တက္ကစီ ဆွဲသူ အမျိုးသားကြီးတစ်ဦးကလည်း ငလျင်ထပ်မံ လှုပ်ခတ်မည်ကို စိုးရိမ်ပြီး လူမှုကွန်ရက်များတွင် မန္တလေးသည် ငလျင်ကြောတွင် ရှိနေသည်ဆိုသော ပို့စ်များ၊ ငလျင်ကြီး ထပ်မံ လှုပ်ခတ်မည်ဆိုသော ရေးသားချက်များတွေ့တိုင်း နေအိမ်မပြန်လိုကြောင်း ပြောဆိုသည်။
မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော စစ်ကိုင်းငလျင်ကြီးကြောင်း မြန်မာနိုင်ငံတွင် လူဦးရေ ၄၀၀၀ နီးပါး သေဆုံးခဲ့ရကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့သည်။