စစ်လက်နက် အသုံးအဆောင်ပစ္စည်းများ အရည်အသွေးမြင့်အောင် ထုတ်လုပ်ရန် မင်းအောင်လှိုင် မှာကြား

by

in

စစ်လက်နက် အသုံးအဆောင်ပစ္စည်းများ အရည်အသွေးမြင့်အောင် ထုတ်လုပ်ရန် မင်းအောင်လှိုင် မှာကြား
ဧပြီ ၂၇၊ ၂၀၂၅

လက်ရှိအသုံးပြုနေတဲ့ စစ်လက်နက်နဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေကို အရည်အသွေးမြင့်အောင် ထုတ်လုပ်ဖို့ ကြိုးစားရမယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
ဧပြီ ၂၆ ရက် မနေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ (၇၅)နှစ်မြောက် စိန်ရတု ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှု တပ်ဖွဲ့နေ့ အခမ်းအနားမှာ စစ်ခေါင်းဆောင်က ထည့်သွင်းပြောကြားလိုက်တာပါ။
စစ်လက်နက်နဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေဟာ စစ်မြေပြင်မှာ မှတ်ကျောက်တင်ခံရမှာဖြစ်တာကြောင့် အရည်အသွေးနဲ့ စွမ်းရည်ပိုကောင်းအောင် ကြိုးပမ်းရမယ်လို့ မင်းအောင်လှိုင်က ဆိုပါတယ်။
ကုန်းဘောင်ခေတ်ကစလို့ မင်းတုန်းမင်းတရားကြီးလက်ထက်မှာ အိမ်ရှေ့စံ ကနောင်မင်းသားကြီးက စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေး စက်ရုံတွေ စတင်တည်ထောင်ဖို့ ကြိုးပမ်းအားထုတ်ခဲ့မှုကိုလည်း သူက ဥပမာပေးပြောကြားခဲ့ပါတယ်။
ပြည်သူ့ဘဏ္ဍာတွေနဲ့ စစ်လက်နက် အရေအတွက်အများအပြားကို ပြည်တွင်းမှာ ထုတ်လုပ်နေသလို ပြည်ပကနေလည်း ဝယ်ယူနေတဲ့ စစ်ကောင်စီဟာ လက်ရှိပြည်တွင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ အချိန်မီ အသုံးပြုနိုင်ဖို့ စစ်လက်နက်တွေကို အလျဉ်မီအောင် ထုတ်လုပ်နေရတယ်လို့ CDM စစ်အရာရှိအချို့က ပြောကြားထားပါတယ်။
တိုက်ပွဲတွေအတွင်း စစ်ကောင်စီဟာ ခေတ်မီလက်နက်တွေကို အသုံးပြုခွင့်ရနေပေမယ့် တိုက်ခိုက်ရည်စွမ်းရည်နဲ့ ယုံကြည်မှုမရှိတော့လို့ တော်လှန်ရေးတပ်ဖွဲ့တွေထံ မကြာခဏ လက်နက်ချအညံ့ခံနေရတယ်လို့ CDM စစ်အရာရှိတွေက ပုံမှန်ပြုလုပ်လေ့ရှိတဲ့ Breaking Brainwashed အစီအစဉ်မှာ ထည့်သွင်းပြောကြားခဲ့ပါသေးတယ်။