ရေးမြို့ ခမရ(၅၈၈)တပ်ရင်းမှူးနေအိမ်နှင့်လက်နက်တိုက်ကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ဟု ဒေါနစစ်ကြောင်းမှူးပြော
ဧပြီ၂၇၊၂၀၂၅။ရဲခေါင်/People’s Spring
မွန်ပြည်နယ်၊ ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီ၏ ခမရ(၅၈၈) တပ်ရင်းမှူးနေအိမ်နှင့်လက်နက်တိုက်ကို တော်လှန်ရေးတပ်များ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဗျူဟာ(၃၃) စစ်ဆင်ရေးမှူး၊ ဒေါနစစ်ကြောင်းမှူးလည်းဖြစ်သူ စောဒါးကိုက လူထုနွေဦးသို့ပြောသည်။
ရေးမြို့နယ် မော့ကနင်ရွာအခြေစိုက် ခမရ(၅၈၈) တပ်ရင်းအား ဧပြီ၂၄ရက် နေ့လည် ၁နာရီ၃၀မိနစ် ခန့်က ၁၀၇မမ ရှော့တိုက်ဒုံး ၅လုံးဖြင့် ပစ်ခက်တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။
“ထိရောက်မှု ရှိတယ်။သေဆုံးထိခိုက်မှုကို ကျွန်တော်တို့ စုံစမ်းဆဲဖြစ်တယ်။လောလောဆယ် ဒီကောင်တွေဘက်က သတင်းကိုလုံးဝဖျောက်ထားတယ်”ဟု စစ်ဆင်ရေးမှူးစောဒါးကို က ခမရ(၅၈၈)တပ်ရင်း၏ အခြေအနေကို ရှင်းပြသည်။
ခမရ(၅၈၈)တပ်ရင်း တိုက်ခိုက်ရာတွင် မွန်ပြည်တော်လှန်ရေးတပ်(MSRF)၊မွန်ပြည်သစ်ပါတီစစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့(NMSP-AD)နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနတပ်ရင်းက ယနေ့ (ဧပြီ၂၇ရက်) ထုတ်ပြန်ထားသည်။
တိုက်ခိုက်မှုကြောင့် ရန်သူစစ်ကောင်စီတပ်သားများ ထိခိုက်ဒဏ်ရာရရှိမှုအခြေအနေကို စုံစမ်းနေဆဲဖြစ်ကာ တော်လှန်ရေးပူးပေါင်းတပ်များမှ ထိ ခိုက်မှု မရှိဟု ဖော်ပြသည်။
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် စစ်ကောင်စီသည် အခြေစိုက်တပ်အများဆုံးတပ်တည်ထားပြီး စကခ – ၁၉ လက်အောက်ခံ ခလရ(၃၁)၊ ခလရ (၆၁)၊ ခလရ (၁၀၆)၊ ခမရ (၂၉၉)၊ ခမရ (၃၄၃)၊ ခမရ (၅၈၆)၊ ခမရ (၅၈၇)၊ ခမရ(၅၈၃)၊ ခမရ (၅၉၁)၊ အမတ(၃၁၆တပ်ရင်း တို့ရှိသည်။
ဒေသတွင်းတော်လှန်ရေးအရှိန်မြှင့်ရန်အတွက် မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA)၊ မွန်အမျိုး သားလွတ်မြောက်ရေး တပ်မတော် (MNLA-AD)၊ မွန်ပြည်ကာကွယ်ရေးတပ်(MSDF) နှင့် မွန်ပြည်တော် လှန်ရေးတပ် (MSRF)တို့သည် ယခုနှစ်စပိုင်းတွင် “ရာမညပူးတွဲစစ်ကြောင်း”ကို ဖွဲ့စည်းခဲ့သည်။
(ခမရ(၅၈၈)တပ်ရင်းမှူးနေအိမ်နှင့်လက်နက်တိုက်ကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ် နေစဉ်။ ဓာတ်ပုံ – ဒေါနတပ်ရင်း)
