စစ်ကောင်စီ လက်နက်စက်ရုံ ကပစ- ၁၃ ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၁၀ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်၊ ၅ ယောက်သေ၊ ၇ ယောက် ဒဏ်ရာရ (ရုပ်/သံ)

by

in

စစ်ကောင်စီ လက်နက်စက်ရုံ ကပစ- ၁၃ ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၁၀ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်၊ ၅ ယောက်သေ၊ ၇ ယောက် ဒဏ်ရာရ (ရုပ်/သံ)
ဧပြီ ၂၆၊ ၂၀၂၅

မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ လက်နက်ထုတ်လုပ်ရေးစက်ရုံ ကပစ- ၁၃ ကို ဧပြီ ၂၅ ရက် ညပိုင်းက ၁၀၇ မမ ရှော့တိုက်ဒုံး ၁၀ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၅ ယောက်သေပြီး ၇ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ Brave Warriors for Myanmar မှ သတင်းထုတ်ပြန်ထားပါတယ်။
အဆိုပါတိုက်ခိုက်မှုကြောင့် ကပစ ၁၃ စက်ရုံထဲက Primer Workshop အတွင်းကို ရှော့တိုက်ဒုံး ၃လုံး ကျရောက်ပေါက်ကွဲခဲ့လို့ Chemical Shop တစ်လုံး မီးလောင်ပျက်စီးခဲ့ပြီး၊ ဂါလံ ၅၀၀၀ ဆန့် FO (File Oil) မီးထိုးဆီ သိုလှောင်ကန်လည်း မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
သေကြေဒဏ်ရာရရှိသွားတဲ့ အရာရှိနဲ့ စစ်သားတွေကို တဆရ ၁၆/၁၀၀ မကွေးသို့ ပို့ဆောင်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ကပစ ၁၃ စက်ရုံဟာ စစ်ကောင်စီရဲ့ အသက်သွေးကြောဖြစ်တဲ့ စစ်လက်နက်တွေ တပ်ဆင်ရာမှာ အရေးပါတဲ့ Primer (ဗုံးသီးအခွံ) တွေကို ထုတ်လုပ်တဲ့ စက်ရုံဖြစ်တယ်လို့လည်း သိရပါတယ်။

ဆင်ပေါင်ဝဲ ကပစ ၁၃ ကို ၁ဝ၇ မမ ရှော့တိုက်ဒုံး ၁၀ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံးပြီး မီးလောင် ပျက်စီးမှုများရှိ
ရန်ကုန်၊ ဧပြီ ၂၆
မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ကပစ ၁၃ ကို ၁ဝ၇ မမ ရှော့တိုက်ဒုံး ၁၀ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံးပြီး မီးလောင် ပျက်စီးမှုများရှိကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလ ၂၅ ရက်နေ့ ည ၁၂ နာရီခန့်တွင် ဆင်ပေါင်ဝဲမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ အမှတ် ၁၃ ကာကွယ်ရေး ပစ္စည်း စက်ရုံ (ကပစ ၁၃) ကို တော်လှန်ရေး တပ်ဖွဲ့များက ၁၀၇ မမ ရှော့တိုက်ဒုံး ၁၀ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှု အတွင်း ကပစ ၁၃ အတွင်းသို့ ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့ပြီး Primer Workshop အတွင်းသို့ ၃ လုံး ကျရောက် ပေါက်ကွဲခဲ့ကြောင်း၊ Chemical Shop တစ်လုံးလည်း ထိမှန် ပျက်စီးပြီး မီးလောင်ခဲ့ကြောင်း၊ ဂါလံ ၅ဝဝဝ ဆန့် FO (Fire Oil ) မီးထိုးဆီ သိုလှောင်ကန် မီးလောင် ပျက်စီးခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် တာဝန်ကျ အရာရှိ ၃ ဦး နှင့် စစ်သည် ၁၂ ဦး ဒဏ်ရာ ပြင်းထန်စွာရရှိ၍ စိုးရိမ်ဖွယ် အခြေအနေ ရှိနေခဲ့ကြောင်း၊ ဒဏ်ရာရရှိခဲ့သော အရာရှိ ၃ ဦးထဲမှ ၁ ဦးမှာလည်း ညာဘက်နားရွက် ပြတ်ထွက်သွားခဲ့ပြီး နောက်တစ်ဦးမှာလည်း ဘယ်ခြေသလုံး အစ ဖောက်ထွက်ပြီး ကျန်တစ်ဦး မှာ ကျောတစ်ပြင်လုံး မီးလောင်ဒဏ်ရာ အသီးသီး ရရှိခဲ့ကြောင်း သိရသည်။
ထို ဒဏ်ရာရ စစ်သည် ၁၂ ဦးထဲမှ ၅ ဦးသည် သေဆုံးခဲ့ပြီး ကျန်ရှိနေသူများနှင့် ဒဏ်ရာရ အရာရှိများကို တဆရ ၁၆ /၁ဝဝ မကွေး သို့ ဆက်လက် ပို့ဆောင်ထားပြီး ဆေးကုသနေကြောင်း သိရှိရသည်။
“သေဆုံးသူတွေထဲမှာ အရာရှိတွေတော့ မပါဝင်ဘူးလို့ သိရတယ်။ တပ်သား ၅ ဦးသေဆုံးတယ်လို့ သိရတယ်” ဟု Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အဆိုပါ ထိခိုက်ပျက်စီးမှုသည် ယခုထက် ပိုမို ရှိနိုင်ကြောင်း ခန့်မှန်းရပြီး ကိန်းဂဏန်းအချက်အလက် တိကျသေချာသော အချက်အလက်များကိုသာ ထုတ်ပြန်ခြင်းဖြစ်ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။
ထို တိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦးဆောင်စီမံမှုဖြင့် Shadow (အညာ) ၊ No More Dictatorship- NMD အဖွဲ့ ၊ Eagle Brigade အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကာ နယ်မြေခံ Upper Minhla P.D.F နှင့် People independence army (PIO/PIA) အဖွဲ့ တို့မှလည်း အားဖြည့်ကူညီပေးခဲ့ကြောင်း သိရသည်။