ဖယ်ခုံမြို့နယ်၊ မြင်းမထိတောင်တွင် ဒေသတိုင်းရင်းသားများက ကန့်ကွက်နေသည့်ကြားမှ တရုတ်နှင့်လေးပွင့်ကြယ်ကုမ္ပဏီတို့က အတင်းအကျပ် ဝင်ရောက် သတ္တု တူးဖော်နေ
ရန်ကုန်၊ ဧပြီ ၂၃
ရှမ်းပြည်နယ်နှင့်ကရင်နီပြည် အစပ် ဖယ်ခုံမြို့နယ်၊ မြင်းမထိတောင်တွင် ဒေသတိုင်းရင်းသားများက ကန့်ကွက်နေသည့်ကြားမှ တရုတ်နှင့်လေးပွင့်ကြယ်ကုမ္ပဏီတို့က အတင်းအကျပ် ဝင်ရောက် သတ္တု တူးဖော်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယခုနှစ် မတ်လမှစတင်၍ ဖယ်ခုံမြို့နယ် သိကျိတ်ကျေးရွာအုပ်စုအတွင်းရှိ မြင်းမထိတောင်ရှိ ပရာဒေါင်းဆွေမျိုးစုနယ်မြေတွင် လေးပွင့်ကြယ်ကုမ္ပဏီက တရုတ်ကုမ္ပဏီနှင့်ပူးပေါင်း၍ သတ္တုတူးဖော်ခြင်းများ လုပ်ဆောင်နေကြောင်း၊ လေးပွင့်ကြယ်ကုမ္ပဏီသည် တရုတ် မာစတာဝမ်ကုမ္ပဏီနှင့်ပူးပေါင်း၍ ဒေသပြည်သူများ၏ သဘောတူညီချက်မရဘဲ သတ္တုတူးဖော်နေခြင်းဖြစ်ကြောင်း သိရှိရသည်။
မြင်းထိတောင်သတ္တုတူးဖော်မှုနှင့်ပတ်သက်၍ တိုင်းရင်းသားပြည်သူများနှင့် ပရာဒေါင်းဆွေမျိုးစုများက ဆန့်ကျင်ကန့်ကွက်မှုများ လုပ်ဆောင်နေသော်လည်း ကုမ္ပဏီဘက်က ညှိနှိုင်းမှုကို လက်မခံဘဲ ဆက်လက်ဆောင်ရွက်နေကြောင်း ပရာဒေါင်းဆွေမျိုးစုမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
“လက်ရှိအနေအထားက သူတို့ ဒေသခံပြည်သူလူထုနဲ့ ညှိနှိုင်းမရှိဘဲ အတင်းအဓမ္မပုံစံမျိုး သူတို့လုပ်ဝင်သွားတာ။ လက်ရှိ သူတို့လုပ်နေတဲ့ လုပ်ငန်းခွင်မှာက ဘယ်လို ပုံစံမျိုး ဘယ်လောက်အထိ လုပ်မယ်ဆိုတာ ဒေသခံတွေက မသိရဘူး။ သူတို့က လေးပွင့်ကြွယ်ကုမ္ပဏီနဲ့ တရုတ် မာစတာဝမ်ကုမ္ပဏီနဲ့ စာချုပ်ချုပ်တယ်။ တရုတ်ကုမ္ပဏီကို လေးပွင့်ကြယ်ကုမ္ပဏီက ခေါ်လာတာ။ လက်ရှိ အနေအထားလုပ်ကွက်က လေးပွင့်ကြယ်ကုမ္ပဏီရဲ့ လုပ်ကွက်ဆိုပြီး သူတို့ သတ်မှတ်တာ။ အဲဒီ လေးပွင့်ကြယ်ကုမ္ပဏီက တရုတ်ကုမ္ပဏီကို ခေါ်ပြီး လုပ်တာ။ ဒေသပြည်သူ ကို အသိပေးညှိနှိုင်းမှုလည်း မရှိဘူး။ သူတို့ သဘောနဲ့ သူတို့ တရုတ်ခေါ်လာတာ။ လက်ရှိအနေအထားက ကျနော်တို့ တောင်းဆိုတဲ့အတိုင်း သူတို့က နားမထောင်ပေးဘူး” ဟု ပရာဒေါင်းဆွေမျိုးစုတာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
မြင်းမထိတောင်တွင် အကြီးစားသတ္တုတူးဖော်ထုတ်ယူခြင်းကို ပရာဒေါင်းဆွေမျိုးစုများနှင့် ဒေသပြည်သူများသည် ပြင်းထန်စွာ ကန့်ကွက်ထားပြီး နွေဦးတော်လှန်ရေးမပြီးမဆုံးမဆုံးမချင်း ပရာဒေါင်းဆွေမျိုးစုနယ်မြေဒေသအတွင်း အကြီးစားသတ္တုတူးဖော်သည့် မည်သည့် ကုမ္ပဏီများကို မဆို လက်ခံ ခွင့်ပြုမည်မဟုတ်ကြောင်း သိရှိရသည်။
ထို့ပြင် လက်ရှိ သတ္တုတူးဖော်နေသည့် လေးပွင့်ကြယ်ကုမ္ပဏီမှ အလုပ်သမားများ၊ စက်ယန္တရားများကို ရုပ် သိမ်း၍ ထွက်ခွာရန် တောင်းဆိုထားသော်လည်း လေးပွင့်ကြယ်ကုမ္ပဏီက လိုက်နာခြင်း မရှိဟု သိရှိရသည် ။
“အကယ်၍ သူတို့ ဒီပုံစံပဲ ဆက်လုပ်မယ်ဆိုရင် ရေရှည်မှာ ကျေးရွာတွေ ထိခိုက်နစ်နာမှုတွေ အများကြီးရှိတယ်။ ကျေးရွာပြောင်းရွှေ့နိုင်တဲ့ အနေအထားတွေတော့ ရှိနေတယ်။ ပြည်သူလူထုကို ချပြဆွေးနွေးတာမျိုးလည်း မရှိဘူး။ ကျနော်တို့ ပရောဒေါင်းဆွေမျိုးစုနဲ့ လေးပွင့်ကြယ်ကုမ္ပဏီက လူတွေနဲ့ ၂ ခါလောက် တွေ့ပြီးပြီ။ ဒေသပြည်သူတွေ လိုချင်တဲ့ တောင်းဆိုချက်တွေ မလိုက်လျောပေးနိုင်ဘူး မချပြပေးနိုင်ဘူးပေါ့။ အဲဒါကြောင့် လက်ရှိအနေအထားက ပြည်သူက လက်မခံကြောင်း ကန့်ကွက်ကြောင်း ဒါတွေ ဆက်လုပ်မယ်ဆိုရင် နောက်ဆက်တွဲဆိုးကျိုးတွေ ကြီးကြီးမားမား ကျေးရွာထိခိုက်နိုင်တဲ့ အတွက်ကြောင့်မို့ လူထုက လက်မခံဘူး။ ဘာဖြစ်လို့လဲဆိုရင် သတ္တုထွက် နေရာဒေသပေါ်မှာ တစ်ပိုင်တစ်နိုင် လူထုလုပ်ကိုင်စားသောက်ဖို့ ထားစေချင်တယ်။ ထိန်းသိမ်းစေချင်တယ်” ဟု ပရာဒေါင်းဆွေမျိုးစု တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
မြင်းထိတောင်တွင် သတ္တုတူးဖော်ရေးကုမ္ပဏီ၏ ကားများနှင့် စက်ယန္တရားများကို တားဆီးခြင်း၊ ကန့်ကွက်ဆန္ဒပြခြင်းများကို ပြည်သူများက လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။