ခင်ဦးနယ်ထဲက ဝါသဝရဲ့ မဒေါင်းလှရွာ ပျူစခန်းသိမ်းတိုက်ပွဲ ပြင်းထန်နေ၊ စစ်အုပ်စုက လေကြောင်းဗုံးကြဲလို့ အနီးဝန်းကျင် ရွာ(၁၀)ရွာကျော် ထွက်ပြေးနေရ၊

by

in

ခင်ဦးနယ်ထဲက ဝါသဝရဲ့ မဒေါင်းလှရွာ ပျူစခန်းသိမ်းတိုက်ပွဲ ပြင်းထန်နေ၊
စစ်အုပ်စုက လေကြောင်းဗုံးကြဲလို့ အနီးဝန်းကျင် ရွာ(၁၀)ရွာကျော် ထွက်ပြေးနေရ၊
MN/MFP ၊ ဩဂုတ် – ၃၁

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် မဒေါင်းလှရွာ ပျူစောထီးစခန်းကို တော်လှန်ရေးတပ်တွေက ထိုးစစ်ဆင် တိုက်ခိုက်လို့ တိုက်ပွဲပြင်းထန်နေပြီး စစ်အုပ်စုက ပျူစခန်း မကျဖို့ လေကြောင်းပစ်ကူ ဗုံးကြဲနေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
ခင်ဦးနယ် မြောက်ပိုင်းက မဒေါင်းလှရွာမှာ စစ်အုပ်စုက ပျူစခန်းဖွင့်ထားပြီး သင်္ကန်းဝတ် ဝါသဝ လက်အောက်ခံ ပျူတွေ ကြီးစိုးသောင်းကျန်းနေတာ ဖြစ်ပါတယ်။
တော်လှန်ရေးတပ်တွေက ဩဂုတ်လ (၁၈) ရက်မှာ မဒေါင်းလှရွာ ပျူစခန်းကို သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး စစ်အုပ်စုက လေကြောင်းပစ်ကူ ခုခံလို့ စခန်းမသိမ်းနိုင်ဘဲ ပြန်ဆုတ်ခွာခဲ့ပြီးနောက် ဒီကနေ့ ဩဂုတ်လ (၃၁) ရက်မှာ မဒေါင်းလှရွာ ပျူစခန်းကို ထပ်မံ ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
မဒေါင်းလှရွာ ပျူစခန်းမှာ တိုက်ပွဲ ပြင်းထန်နေပြီး စစ်အုပ်စုက လေကြောင်း ဗုံးကြဲလို့ ရွာအတွင်း မီးလောင် နေတယ်လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။
“(Y-12)လေယာဉ်ကတော့ အဆက်မပြတ်ပဲဗျ။ ခေါင်းပေါ်ကနေကို ဝဲနေတာ တစ်နာရီကျော်သွားပြီ။ အခုထိ (ညနေ ၆ နာရီခွဲ) ဝဲနေတုန်း။ ဂျက်ဖိုက်တာနဲ့လည်း ဗုံးလာကြဲနေတယ်။ (မဒေါင်းလှ) ရွာထဲကနေလည်း မီးခိုးလုံးတွေ တက်နေတာ လှမ်းမြင်နေရတယ်။ စခန်းထဲက ဘန်ကာကိုလည်း ဖြိုချလိုက်နိုင်ပြီလို့ ကြားရတယ်။ အတိအကျတော့ မသိရသေးဘူး။ သေနတ်သံတွေ ကြားတုန်းဆိုတော့ တိုက်ပွဲက ဆက်ဖြစ်နေတုန်းလို့ ပြောတယ်။ အခြေအနေ ကောင်းတယ်လို့ သတင်းကြားရတယ်။ ဒီတခါတော့ စခန်းသိမ်းနိုင်တော့မယ် ထင်တယ်”လို့ ခင်ဦး ဒေသခံ သတင်းရင်းမြစ်က MFP ကို ပြောပါတယ်။
မဒေါင်းလှရွာ ပျူစခန်းကို တော်လှန်ရေးတပ်တွေက ဒီမနက်အစောပိုင်းက စတင်ကာ ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်ပြီး စစ်အုပ်စုက ဂျက်တိုက်လေယာဉ်၊ (Y-12) ဘက်စုံသုံး လေယာဉ်တွေနဲ့ အဆက်မပြတ် ဗုံးကြဲ ခုခံနေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်အုပ်စုဟာ မဒေါင်းလှရွာ ပျူစခန်း မကျဖို့ ဩဂုတ်လ (၁၉) ရက်ကလည်း ကန့်ဘလူနယ်ထဲက သင်္ကန်းဝတ် ဝါသဝရဲ့ လက်အောက်ခံ ပျူတွေကို အင်အား ဖြည့်ထားတယ်လို့ ဆိုပါတယ်။
လက်ရှိမှာ စစ်အုပ်စုက မဒေါင်းလှရွာ သာမက အနီးဝန်းကျင် ကျေးရွာတွေကိုပါ လေကြောင်း ဗုံးကြဲနေလို့ မဒေါင်းကြီး၊ ရွှေကာ၊ ရှားတော၊ ဆီဆုံလေး၊ စည်ပုတ္တရာ၊ ပေါက်တော၊ အင်ကြင်းပင်၊ စောကြီး၊ ဖန်းကားကုန်း၊ ငကြိုင်း၊ ပေကုန်း၊ သရက်ကန် စတဲ့ ကျေးရွာ (၁၀) ရွာကျော်က ဒေသခံပြည်သူတွေ ထွက်ပြေး တိမ်းရှောင်နေရပြီး စားသောက်၊ နေထိုင်ရေး အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ရွာတွေကတော့ အကုန်ရှောင်နေကြရတယ်ဗျ။ မဒေါင်းလှနဲ့ နီးတဲ့ရွာတွေ အကုန်ရှောင်နေရတာ။ မရှောင်လို့လည်း မရဘူးလေ။ လေကြောင်းက နေ့တိုင်းလိုလို ဗုံးလာကြဲနေတာ။ ကျွန်တော်တို့လည်း တောထဲမှာ ထွက်ရှောင်နေကြတာ။ တိုက်ပွဲက ရွာနဲ့ကပ်နေတော့ ဗုံးသံ၊ သေနတ်သံတွေ ဆူညံနေတာပဲ။ မဒေါင်းလှ ရွာထဲလည်း မီးလောင်နေတယ် ထင်တယ်။ မီးခိုးလုံးကြီးတွေ တက်နေတာ တွေ့ရတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
မဒေါင်းလှရွာ ပျူစခန်းသိမ်းတိုက်ပွဲ စတင်တဲ့ ဩဂုတ်လ(၁၉)ရက်က စလို့ စစ်အုပ်စုက ခင်ဦးမြို့နယ် ကျေးရွာ တွေကို နေ့စဉ်လိုလို လေကြောင်းဗုံးကြဲ သတ်ဖြတ်လို့ ပြည်သူတွေ ထိခိုက်၊သေဆုံးတာ၊ အိုးအိမ် ပျက်စီးတာတွေ ရှိခဲ့ပါတယ်။
မဒေါင်းလှရွာဟာ ခင်ဦးမြို့ရဲ့ မြောက်ဘက် ခုနှစ်မိုင်ခန့်အကွာ၊ ခင်ဦးနဲ့ ကန့်ဘလူမြို့နယ် အစပ်၊ ရွှေဘို-ခင်ဦး-ဇီးကုန်း-ထန်းကုန်း လမ်းပေါ်မှာ တည်ရှိပြီး လမ်းပန်းဆက်သွယ်ရေးအရ အချက်အချာကျတဲ့ ရွာ ဖြစ်ပါတယ်။
ခင်ဦးမြို့နယ် မဒေါင်းလှ၊ မကျီးတုံ၊ ပျဉ်ထောင် စတဲ့ ကျေးရွာတွေက ဒေသခံတွေကို စစ်အုပ်စုက ပျူအဖြစ် လက်သပ်မွေးကာ လက်နက် ထုတ်ပေးထားပြီး စစ်အုပ်စုနဲ့အတူ ဒေသတွင်း ရွာစဉ်ပတ်မွှေ လူသတ်၊ လုယက်၊ မီးရှို့ စေကာ ခိုးရာါ ပစ္စည်းတွေ ခွဲဝေရယူနေတာ ဖြစ်ပါတယ်။
ခင်ဦးနယ်၊ မဒေါင်းလှရွာ ပျူစခန်းနဲ့ စစ်အုပ်စုက လေကြောင်းဗုံးကြဲလို့ ထွက်ပြေးနေရတဲ့ ပြည်သူတွေ/Photo – CJ
#Mandalay_Free_Press_MFP