ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးရန် တိုက်တွန်းနေသော နိုင်ငံတကာအနေဖြင့် စစ်ကောင်စီ၏ ပြည်သူကို တိုက်ခိုက်သတ်ဖြတ်နေသော သဘောထားကို ဆန်းစစ်သုံးသပ်ကြရန် NUG အစိုးရ သတိပေး
ရန်ကုန်၊ ဧပြီ ၂၃
ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးရန် တိုက်တွန်းနေသော နိုင်ငံတကာအနေဖြင့် စစ်ကောင်စီ၏ ပြည်သူကို တိုက်ခိုက်သတ်ဖြတ်နေသော သဘောထားကို ဆန်းစစ်သုံးသပ်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရ-NUG အစိုးရ၏ ယာယီသမ္မတ ဒူဝါလရှီးလနှင့် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့က သတိပေးပြောဆိုလိုက်သည်။
ဧပြီလ ၂၂ ရက်နေ့ ပြုလုပ်သော အမျိုးသားညီညွတ်ရေးအစိုးရ၏ အစိုးရအဖွဲ့အစည်းအဝေး ၁၂/၂၀၂၅ တွင် အထက်ပါအတိုင်း ၎င်းတို့က သတိပေးတိုက်တွန်းလိုက်ကြခြင်းဖြစ်သည်။
လက်ရှိ ဖြစ်ပေါ်ပြောင်းလဲနေတဲ့ နိုင်ငံရေးအခင်းအကျင်းတွင် နိုင်ငံတကာက မြေငလျင်လှုပ်ခတ်မှုကို အကြောင်း ပြုပြီး“ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲများ” ပေါ်ပေါက်လာရန် တိုက်တွန်း နေကြောင်း၊ NUG အနေဖြင့် မြန်မာတစ်နိုင်ငံလုံး ငြိမ်းချမ်းရန်၊ တည်ငြိမ်ရန် ကို အစဉ်တစိုက် လိုလားကြောင်း ၊ ထို့ကြောင့် NUG က စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ပြီးနောက် “မိမိကိုယ်ကို ခုခံကာကွယ်ခြင်းမှအပ၊ အပစ်အခတ်ရပ်စဲရန်” ပထမဆုံး ကြေညာခဲ့ကြောင်း ယာယီသမ္မတက ဆိုသည်။
ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ပြည်သူလူထု၏ အဓိက လိုလားချက်များကို လျစ်လျှူမရှုရန် အားလုံး အာရုံစိုက်ကြရမည်ဖြစ်ပြီး ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဖြစ်မြောက်အောင် တွန်းအားပေးနေသည့် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့်လည်း “စစ်ကောင်စီ၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများအပေါ် ထားသည့် သဘောထားကို လေးနက်စွာ ဆန်းစစ်သုံးသပ်ကြရန်” တိုက်တွန်းလိုကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
” စစ်ကောင်စီအနေနဲ့လည်း မိမိကိုယ်ကို ပြန်လည် သုံးသပ်နိုင်ဖို့ လိုတာက မြန်မာနိုင်ငံမှာ ဘယ်သို့သော စစ်အုပ်ချုပ်ရေးနဲ့မဆို တိုင်းပြည်ကို အမှန်တကယ် ဖွံ့ဖြိုးတိုးတက်အောင် မလုပ်နိုင်ဘူး ဆိုတာ နှစ်ပေါင်း (၇၀) ကျော်ကြာ၊ ပြည်တွင်းစစ်က သက်သေပဲဆိုတာ နားလည်ဖို့ လိုပါတယ်” ဟု ယာယီသမ္မတ ဒူဝါလရှီးလကပြောဆိုသည်။
NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကမူ အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ပြီး ပြည်သူများ ငလျင်ဒဏ်ခံနေရသော်လည်း စစ်တပ်က ပြည်သူများကို ဦးတည်သော လေကြောင်းတိုက်ခိုက်မှုများ ပြင်းထန်စွာ လုပ်လာနေကြောင်း ထုတ်ဖော်ပြောဆိုသည်။
“အင်အား ပြင်းငလျင်ဖြစ် ပေါ်ခဲ့မှုကြောင့် ကျွန်တော်တို့အနေနဲ့ ငလျင် ဒဏ်ခံရတဲ့ နေရာဒေသတွေမှာ ထိုးစစ်တွေရပ်ဖို့ ကြေ ညာ ခဲ့ပေမယ့် တဘက်က အကြမ်းဖက်စစ်အုပ်စု ကတော့ ဒီရက်ပိုင်း တွေမှာ ပြည်သူတွေကို ဦးတည်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ပိုမို ပြင်းထန်စွာ လုပ်လာတာကို စိတ်ပျက်ဖွယ်တွေ့ရပါတယ်။ ရန်သူကတော့ ရန်သူပီသတာထက်ကို ပိုပါတယ်။ ဒါ့ကြောင့် ကျနော်တို့အနေနဲ့ ပြင်ဆင်မှုတွေကို လစ်ဟင်းခြင်းမရှိဘဲ အကန့်အသတ်ဖြစ်လာတဲ့ အချိန်ကို တန်ဖိုးရှိစွာ အသုံးချရင်း စီမံကြဖို့ လိုအပ်ပါတယ်။” ဟု NUG ဝန်ကြီးချုပ်က ရှင်းလင်းပြောကြားသည်။
