ထားဝယ်ဒေသစစ်ဆင်ရေးအတွက် မွန်၊ ထားဝယ်၊ကရင်နှင့် PDFတပ်များ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့စည်း

by

in

ထားဝယ်ဒေသစစ်ဆင်ရေးအတွက် မွန်၊ ထားဝယ်၊ကရင်နှင့် PDFတပ်များ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့စည်း
ဧပြီ ၂၂၊၂၀၂၅။ဟန်နွေ/People’s Spring
တနင်္သာရီတိုင်း၊ ထားဝယ်ဒေသ၌ စစ်ကောင်စီ၏ ထိုးစစ်ဆင်မှုကို စုစည်းညီညွတ်စွာ ခုခံရန်၊ စစ်ဆင်ရေးများ ဆောင်ရွက်ရန်အတွက် ထားဝယ်ဒေသတွင်းရှိ တော်လှန်ရေးတပ်များ ညှိနှိုင်းကာ မဟာမတ်ပူးပေါင်းတပ်ဖွဲ့စည်းထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဗျူဟာ (၃၃) စစ်ဆင်ရေးမှူး ရဲဘော် စောဒါးကိုက ပြောသည်။
PDFတပ်ရင်းတစ်ခုဖြစ်သည့် ဒေါနတပ်ရင်း၏ ကံပေါက်ဒေသ အခြေစိုက်ဒေါနစစ်ကြောင်း(၃)က တော်လှန်ရေးတပ်ဖွဲ့များ မဟာမိတ်ပြုလုပ်ထားသည့် အခြေအနေကို ဧပြီ ၂၁ရက်တွင် ထုတ်ပြန်ခဲ့သည်။ ယင်းထုတ်ပြန်ချက်တွင် မြန်မာ့နှစ်ဆန်းတစ်ရက်နေ့ဖြစ်သော ဧပြီ ၁၇ ရက်တွင် ဒေါနစစ်ကြောင်း(၃)(တပ်ခွဲ-၄၊တပ်ခွဲ-၆၊တပ်ခွဲ-၇)၊ KNU တပ်မဟာ ၆ တပ်ရင်း၂၇ ၊ မွန်ပြည်သစ်ပါတီ (AD) ၊ မွန်ပြည်တော်လှန်ရေးတပ် MSRF ၊ ABSDFတပ်ရင်း-၁ ၊ ဓဝယ်တပ်တော် DNLA တိုမှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ပြီး စစ်ရေးအရ မဟာမိတ်အဖြစ် ပူးပေါင်းဆောင်ရွက်ကြရန် သဘောတူညီမှုရရှိခဲ့ဟု အသိပေးထားသည်။
ရေဖြူမြိုနယ်အတွင်း ဝင်ရောက်နေသော စစ်ကောင်စီတပ် စစ်ကြောင်းများအား ထိရောက်စွာ ဟန့်တားနိုင်ရန်နှင့် စစ်ရေးအရ အချိတ်အဆက်မိမိ အရှိန်မြှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ဆွေးနွေးခဲ့ကြဟုလည်း ဖော်ပြသည်။
ထို့ပြင် မွန် ၊ကရင် တပ်ဖွဲများနှင့် PDF တပ်ဖွဲများအကြား အပြန်အလှန် ထိန်းကြောင်းနိုင်ရေးနှင့် လိုအပ်သော အကူအညီများ အပြန်အလှန်ပေးအပ်နိုင်ရန်အတွက် ကောင်းမွန်သော တွေ့ဆုံမှု ဖြစ်ခဲ့ကြောင်း ဒေါ‌နစစ်ကြောင်း(၃) စစ်ကြောင်းမှူး၏ ပြောကြားချက်ကိုလည်း ထုတ်ပြန်ခဲ့သည်။
” ကျနော်တို့ ဒေါနစစ်ကြောင်းက မွန်ဘက်မှာ ရောက်နေတဲ့အချိန်မှာ MSRF အဖွဲ့တွေ ABSDF အဖွဲ့တွေကတော့ နဂိုရ်လည်း မဟာမိတ်ပူးပေါင်းရှိပြီးသား။ အခုက အဲဒီအဖွဲ့တွေနဲ့ ထပ်ပြီးတော့ ထားဝယ်ဒေသဘက် ထပ်ရောက်တော့ ထားဝယ်ဒေသဘက် အခြေစိုက်တဲ့ ထားဝယ်တပ်တော်အဖွဲ့တွေရယ် KNLA တပ်ရင်း (၂၇)အဖွဲ့တွေရယ် ပြီးတော့ မွန် AD အဖွဲ့တွေရယ် အားလုံးပူးပေါင်းပြီး ကျနော်တို့ မဟာမိတ်တွဲပြီး မြေပြင်ထိုးစစ်ကို ပြန်ခံပြီးစစ်ဆင်ရေးပြန်လှုပ်ရှားနေတဲ့သဘောဖြစ်ပါတယ်။”ဟု ဒေါန စစ်ကြောင်း၏ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဗျူဟာ ၃၃ စစ်ဆင်ရေးမှူး စောဒါးကိုက ပြောသည်။
မဟာမိတ်စုဖွဲ့မှုသည် စစ်ကောင်စီတပ်၏ ထိုးစစ်ကို တုန့်ပြန်သွားရန်ရှိကြောင်းလည်း ၎င်းက ပြောသည်။
“အခုလောလောဆယ် စစ်ကြောင်းကတော်တော်လေးကို ထိုးတယ်။ အဓိကကတော့ ထားဝယ်ရေနက်ဆိပ်ကမ်းကို အခြေပြုပြီး ကျနော်တို့ ထားဝယ် ဧရိယာဘက်မှာ နယ်မြေရှင်းလင်းရေးကို ဖိဖိစီးစီးလာလုပ်နေတဲ့သဘောရှိတယ်” ဟု ရဲဘော်စောဒါးကိုက ဒေသတွင်း စစ်ရေးအခြေအနေကို ပြောသည်။
ဒေသတွင်း၌ တော်လှန်ရေးတပ်ဖွဲ့များစွာရှိသော်လည်း ယခင် အားနည်းချက်မှာ အဖွဲ့အချင်းချင်း ပူးပေါင်းမှု အားနည်းသည့် ကိစ္စဖြစ်သည်ဟု ပြောသည်။
“အဲဒီမှာ ရန်သူကလည်း ကျနော်တို့ အဖွဲ့တွေများလေ ပူးပေါင်းမှုမရှိဘူးဆို သူတို့အတွက် ပိုပြီး လှုပ်ရှားရ လွယ်တာပေါ့နော်။ အခုကျတော့ ဒီလိုမရတော့ဘူး နယ်မြေခံတွေလည်း တွေ့ဆုံညှိနှိုင်းပြီး ဒီထက်ပိုပြီး စည်းစည်းလုံးလုံးနဲ့ ရင်းနီးတဲ့မဟာမိတ်ပုံစံ တကယ့်ကို လက်တွဲပြီး လုပ်ရမယ်ဆိုတဲ့ ဟာ အားလုံးက အသိဝင်လာတာပေါ့။ အဲဒါကြောင့်မို့လို့ ထားဝယ်ဒေသက နယ်မြေခံတွေနဲ့ ကျနော်တို့ သေသေချာချာ ညှိနှိုင်းတိုင်ပင်ပြီး တပ်မဟာ(၄)က အဖွဲ့တွေ အပါအဝင် ပေါ့ အဲဒါလေးတွေပေါင်းစည်းပြီး လှုပ်ရှားလာတဲ့သဘောရှိပါတယ်”ဟု ရဲဘော် စောဒါးကိုက ပြောသည်။
၂၀၂၅ သည် တော်လှန်ရေး အောင်ပွဲအတွက် အဆုံးအဖြတ် ဖြစ်စေရေး ကြိုးပမ်းရမည့် နှစ်ဖြစ်သည်ဟု ၎င်းက ဆိုသည်။
“၂၀၂၅က ကျနော်တို့ရဲ့ အောင်မြင်တဲ့နှစ်ဖြစ်ရမယ် အဆုံးသတ်တိုက်ပွဲ ကျနော်တို့လိုချင်တဲ့ ပန်းတိုင်ရောက်မယ့်နှစ်ဖြစ်တဲ့အတွက် ကျနော်တို့ တော်လှန်ရေးတပ်ဘက်ကလည်း ဒီထက်ပိုပြီး မြို့သိမ်းတိုက်ပွဲအထိ ထိုးစစ်ကို ကျနော်တို့ ကြီးကြီးမားမား ဆက်လက်ဆောင်ရွက်သွားမှာ”ဟု ရဲဘော် စောဒါးကိုက ပြောသည်။
တနိုင်ငံလုံးထိုးစစ် ကြီးကြီးမားမား လုပ်ဆောင်မည်ဖြစ်၍ စစ်ကောင်စီ ခံနိုင်ရည်ရှိမည်မဟုတ်ဘဲ ပြိုလဲမည်ဖြစ်ကြောင်း၊ စစ်ကောင်စီ ပြိုလဲချိန်ကို စောင့်မနေဘဲ အားသွန်ခွန်စိုက် တိုက်ခိုက်သွားရန်လိုအပ်ကြောင်းလည်း ပြောကြားသည်။
” ဒီနိုင်ငံမှာ ရှိတဲ့ တော်လှန်ရေး EAOအဖွဲ့ တွေနဲ့ ကျနော်တို့ရဲ့ PDFအဖွဲ့တွေ မြေပြင်မှာ ရှိတဲ့အဖွဲ့တွေ ပြည်သူအပါအဝင် ထောက်ပို့တွေကအစ တကြိမ်တည်း တပြိုင်တည်း တချီတည်းရုန်းရင်တော့ ကျနော်တို့ရဲ့ ပန်းတိုင်က ၂၀၂၅ပဲဆိုတာ ပြောလိုပါတယ်”ဟု ရဲဘော် စောဒါးကိုက ပြောသည်။
(မွန်၊ ထားဝယ်၊ကရင်နှင့် PDFတပ်များမှ တာဝန်ရှိသူများ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့စည်းပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ − Kanbauk Defense Force)