၂၀၂၅ ပြည်သူ့ဂုဏ်ရည်ဆု ဒေါ်အောင်ဆန်းစုကြည် ရရှိ
ဧရာဝတီ၊ ဧပြီ ၂၂၊ ၂၀၂၅
၂၀၂၅ ခုနှစ်အတွက် ရွေးချယ်ချီးမြင့်သည့် ၁၆ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို ဒေါ်အောင်ဆန်းစုကြည်အား ရွေးချယ်ဂုဏ်ပြုလိုက်ကြောင်း ဆုရွေးချယ်ရေးအဖွဲ့က ယမန်နေ့၌ ထုတ်ပြန်သည်။
လူထုခေါင်းဆောင်ဖြစ်သလို မတရား ဖမ်းဆီးခံ နိုင်ငံရေး အကျဉ်းသားတဦးဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူဂုဏ်ရည်ဌာနခွဲ အသီးသီးရှိ အဖွဲ့သားများမှ ရိုသေ လေးစား တန်ဖိုးထားပြီး ဂုဏ်ယူဝင့်ကြွားစွာဖြင့် ဂုဏ်ပြုပါကြောင်း အသိပေး ကြေညာအပ်သည်ဟု ဖော်ပြထားသည်။
၁၆ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု ဂုဏ်ပြုပွဲ အခမ်းအနားကို အမေရိကန် ပြည်ထောင်စု တက္ကဆက်ဌာနခွဲ (ဟူစတန်မြို့)တွင် လာမည့်မေလ ၂၄ ရက်၌ ကျင်းပသွားမည် ဖြစ်ပြီး ဂုဏ်ပြုပွဲ အစီအစဥ်အများကို ထပ်မံ အသိပေး ကြေညာသွားမည်ဟု ဆိုသည်။
အမေရိကန်နှင့် နိုင်ငံတကာရောက် မြန်မာပြည်ဖွားများက ၂၀၁၀ ပြည့်နှစ်မှစ၍ နှစ်စဥ်ရွေးချယ်ချီးမြင့်သည့် ပြည်သူ့ဂုဏ်ရည်ဆုအား ၂၀၂၄ ခုနှစ်၌ ” နွေဦးတော်လှန်ရေးတွင်ပါဝင်နေသော လူငယ်များ၏တီထွင်ဖန်တီးမှုနှင့် ထုတ်လုပ်မှုများ ” ၊ ၂၀၂၃ ခုနှစ်တွင် ” ပြည်သူ့သံအမတ်ကြီး ဦးကျော်မိုးထွန်း ” ၊ ၂၀၂၂ ခုနှစ်၌ ” ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (PDF) ” တို့က ရရှိခဲ့ကြသည်။
#WhatsHappeningInMyanmar
#RejectMilitaryCoup
