မြန်မာပြည်သူများကို လေယာဉ်ဖြင့် ဗုံးကျဲသတ်ဖြတ်နေသော မင်းအောင်လှိုင်၏ လုပ်ရပ်ကို အာဆီယံဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် နှင့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်တို့ နှုတ်ဆိတ်နေမှုအပေါ် ထိုင်းလွှတ်တော်အမတ် မေးခွန်းထုတ်
ရန်ကုန်၊ ဧပြီ ၂၁
မြန်မာပြည်သူများကို လေယာဉ်ဖြင့် ဗုံးကျဲသတ်ဖြတ်နေသော မင်းအောင်လှိုင်၏ လုပ်ရပ်ကို အာဆီယံဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် အန်နဝါ နှင့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်တို့က နှုတ်ဆိတ်နေမှုအပေါ် ထိုင်းလွှတ်တော်အမတ် Kannavee Suebsang က သူ၏ လူမှုကွန်ရက်မှတစ်ဆင့် မေးခွန်းထုတ်လိုက်သည်။
အာဆီယံဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ်နှင့် အကြံပေး ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆိုင်တို့၏ အပြုသဘောဆောင်သည့် စေ့စပ်ညှိနှိုင်းရေးဖြင့် ကြားဝင်ခဲ့ကြောင်း၊ သို့ရာတွင် ကြားဝင်မှု ရလဒ်အနေဖြင့် စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင် ကျူးလွန်နေသော လုပ်ရပ်များကို ကြည့်ရန် လိုကြောင်း၊ မင်းအောင်လှိုင်က အမှားများ ဆက် လက် လုပ်နေဆဲဖြစ်ပြီး မြန်မာပြည်သူများကို သတ်ဖြတ်နေဆဲဖြစ်ကြောင်း၊ ယခုရက်ပိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှုများဖြင့် ပြည်သူများကို သတ်ဖြတ်ခဲ့ကြောင်း၊ မြန်မာပြည်သူများကို သတ်ဖြတ်နေသော မင်းအောင်လှိုင်ကို စေ့စပ်ညှိနှိုင်းဖော်အဖြစ် လက်ဆွဲနှုတ်ဆက်ခဲ့မှုအတွက် အာဆီယံဥက္ကဋ္ဌ နှင့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်တွင် တာဝန်ရှိကြောင်း၊ မည်သည့်အတွက်ကြောင့် မင်းအောင်လှိုင်၏ လုပ်ရပ်များအတွက် မလေးရှားဝန်ကြီးချုပ်နှင့် ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်တို့ နှုတ်ဆိတ်နေပါသလဲ ဟု မေးခွန်းထုတ်သည်။
ထိုင်းနိုင်ငံသို့ မင်းအောင်လှိုင်ကို ခေါ်၍ တွေ့ဆုံခဲ့ခြင်းအတွက် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်၊ မလေးရှားဝန်ကြီးချုပ်တို့အနေဖြင့် မင်းအောင်လှိုင်၏ ကျူးလွန်မှုများအတွက် မြန်မာ၊ ထိုင်း၊ မလေးရှား သုံးနိုင်ငံလုံးမှ ပြည်သူများ၏ မေးခွန်းများကို ဖြေကြားရန် လိုအပ်ကြောင်း ထိုင်းလွှတ်တော်အမတ်က ထောက်ပြထားသည်။
မကြာသေးမီက မင်းအောင်လှိုင်က လွတ်ငြိမ်းသက်သာခွင့်ဖြင့် အကျဉ်းသားများ လွှတ်ပေးခဲ့သော်လည်း လွတ် မြောက်လာသော အကျဉ်းသား အများစု၏ ၉၀ ရာခိုင်နှုန်းကျော်မှာ ရာဇ၀တ်မှု ကျူးလွန်သူများ ဖြစ်ကြပြီး၊ လွတ်မြောက်သော နိုင်ငံရေး အကျဉ်းသား အလွန်နည်းပါးကြောင်း၊ လက်ရှိ မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးအကျဉ်းချခံနေရဆဲ နိုင်ငံရေးအကျဉ်းသား ၂၂၁၉၇ ဦးရှိပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် အရပ် သား နိုင်ငံရေး ခေါင်းဆောင် အများအပြား ထောင်ကျနေဆဲဖြစ်ကြောင်း၊ နိုင်ငံရေးသမားများကို ထောင်ချပြီး ရွေးကောက်ပွဲကို စစ်တပ်က မည်သို့ ကျင်းပမည်နည်းဟု မေးခွန်းထုတ်စရာရှိကြောင်း ၎င်းက ထောက်ပြပြောဆိုထားသည်။
