မင်းအောင်လှိုင်က “ရန်နိုင်မင်း” စစ်ဆင်ရေးဖြင့် လေကြောင်းတိုက်ခိုက်မှုများ ထပ်မံအရှိန်မြှင့်တင်ရန် ညွှန်ကြားထား၊ ၂ ရက်အတွင်း ပြည်သူ ၄၅ ဦး လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့

by

in

မင်းအောင်လှိုင်က “ရန်နိုင်မင်း” စစ်ဆင်ရေးဖြင့် လေကြောင်းတိုက်ခိုက်မှုများ ထပ်မံအရှိန်မြှင့်တင်ရန် ညွှန်ကြားထား၊ ၂ ရက်အတွင်း ပြည်သူ ၄၅ ဦး လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့
ရန်ကုန်၊ ဧပြီ ၂၀
အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတစ်ဝန်းတွင် လေကြောင်းတိုက်ခိုက်မှုများ ထပ်မံ အရှိန်မြှင့်တင်ရန် ညွှန်ကြားထားပြီး ယခုလာမည့် မိုးတွင်းကာလမတိုင်မီ လေကြောင်းတိုက်ခိုက်မှုများ ပိုမိုများပြားလာမည်ဖြစ်ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မိုးတွင်းကာလမတိုင်မီ ရနိုင်သမျှ နယ်မြေများနှင့် မြို့နယ်များကို ပြန်လည် သိမ်းပိုက်ရန် ညွှန်ကြားထားကြောင်း၊ ယင်းသို့ သိမ်းပိုက်ရန် ကြိုးစားရာတွင် ဖြစ်နိုင်သမျှ နည်းလမ်းပေါင်းစုံကို အသုံးပြုရန် ညွှန်ကြားထားခြင်းဖြစ်ကြောင်း သိရှိရသည်။
“ဒီမိုးတွင်းကာလ မတိုင်မီမှာ လေကြောင်းကနေ ထိုးစစ်ဆင်ပြီး မြေပြင်ကလည်း နယ်မြေသိမ်းပိုက်မှုတွေ ဆက်လက် ဆင်နွှဲဖို့ ညွှန်ကြားပါတယ်။ အခုညွှန်ကြားချက်တွေက မနှစ်ကတည်းက စတင်နေတဲ့ ရန်နိုင်မင်း စစ်ဆင်ရေးရဲ့ အကောင်အထည်ဖော်မှုဖြစ်တယ်လို့ သိရတယ်။ မေလနဲ့ ဇွန်လမှာ လေကြောင်းတိုက်ခိုက်မှုတွေ ပိုပြီး များပြားနိုင်ပါတယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က သတိပေးသည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့မှစတင်၍ “ရန်နိုင်မင်း” စစ်ဆင်ရေး ကို အကောင်အထည်ဖော်ခဲ့ပြီး ယင်းစစ်ဆင်ရေးမှာ ဆုံးရှုံး နယ်မြေများကို အဓိက ပြန်လည် တိုက် ခိုက်သိမ်းပိုက်ရေးနှင့် အကြမ်းဖက် အဖွဲ့ဟု စစ်ကောင်စီက ကြေညာထားသော လက်နက်ကိုင်အဖွဲ့များကို မြေပြင်ပေါ်မှ ပျောက်ကွယ်သွားသည်အထိ ချေမှုန်း နှိမ်နင်းရေး ဖြစ်ကြောင်း၊ အဆိုပါ စစ်ဆင်ရေးများသည် ရွေးကောက်ပွဲကြောင့် ဖြစ်ပေါ်လာမည့် နိုင်ငံရေး အပြောင်းအလဲ နှင့် သက်ဆိုင်မည်မဟုတ်ဘဲ စစ်တပ်၏ ဦးတည်ချက်နှင့် စစ်ဆင်ရေးများဖြစ်၍ ဆုံးရှုံးနယ်မြေများ ပြန်လည် သိမ်းပိုက်ရရှိမှသာလျှင် စစ်ဆင်ရေး အောင်မြင်ပြီးဆုံးမည်ဖြစ်ကြောင်း သိရှိရသည်။
လတ်တလော စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများကို အရှိန်အဟုန်မြှင့်နေရာ ဧပြီလ ၁၈ ရက်နေ့နှင် ဧပြီလ ၁၉ ရက်နေ့တို့တွင် လေကြောင်းတိုက်ခိုက်မှုများကြောင့် ပြည်သူ ၄၅ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။
ဧပြီလ ၁၈ ရက်နေ့ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ လိပ်ကျရွာနှင့်ရေထွက်ကျေးရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သဖြင့် ပြည်သူ ၁၃ ဦးသေဆုံးကာ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ဧပြီလ ၁၉ ရက်နေ့ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ရေထွက်ရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်း တိုက်ခိုက်မှု ဖြစ်စဉ် အတွင်း သေဆုံးသူ ၂၄ ဦးခဲ့ကြောင်း သိရှိရသည်။
ဧပြီလ ၁၉ ရက်နေ့ စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ကန်တော်ရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကလေးငယ်များ အပါအဝင် ပြည်သူ ၅ ဦးခန့် သေဆုံးခဲ့ကြောင်း သိရှိရသည်။
ဧပြီလ ၁၉ ရက်နေ့ နံနက် ၁၁ နာရီကျော်အချိန် KNU တပ်မဟာ ၁ နယ် မြေ ၊ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်။. မင်းစောရွာဘုန်းကြီးကျောင်းကို လေ ယာဉ် ဖြင့် ဗုံးကြဲ တိုက်ခိုက် ခဲ့ရာ ပြည်သူ ၂ ဦး သေဆုံးပြီး ကိုရင် ၂ ဦးဒဏ်ရာရရှိကြောင်း သိရှိရသည်။
ဧပြီလ ၁၉ ရက်နေ့ ရခိုင်ပြည်၊ ကျောက်တော်မြို့ထဲ နေရာအနှံ့ကို လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူများ ထွက်ပြေးချိန်မရလိုက်ဘဲ အရပ်သား ၁ ဦးထက်မနည်း သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရရှိသွားခြင်း ဖြစ်သည်ဟု သိရှိရသည်။