ဝမ်းတွင်းမြို့အနီး ဗဟိုပြုပြီး ရစ်ချက်တာစကေး ၄.၂ အဆင့်ရှိ အင်အားအသင့်အတင့်ရှိတဲ့ မြေငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့

by

in

ဝမ်းတွင်းမြို့အနီး ဗဟိုပြုပြီး ရစ်ချက်တာစကေး ၄.၂ အဆင့်ရှိ အင်အားအသင့်အတင့်ရှိတဲ့ မြေငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့
ဧပြီ ၁၉ ၊ ၂၀၂၅
မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့အနီး မြေအောက်အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး ရစ်ချက်တာစကေး ၄.၂ အဆင့်ရှိ အင်အားအသင့်အတင့်ရှိတဲ့ မြေငလျင်တစ်ခု ဧပြီလ ၁၉ ရက် ဒီနေ့ မနက် ၇နာရီ ၅၀ မိနစ်အချိန်မှာ ထပ်မံလှုပ်ခတ်ခဲ့တယ်လို့ NUG လူသားချင်း စာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနက သတိပေးထုတ်ပြန်ပါတယ်။
မတ်လ ၂၈ ရက်နေ့ ပြင်းအား ၇.၇ အဆင့်ရှိ ငလျင်ကြီး လှုပ်ခတ်ပြီးနောက် နောက်ဆက်တွဲငလျင်တွေ ဆက်တိုက် လှုပ်ခတ်နေရာ ဧပြီလ ၁၉ ရက် ဒီနေ့အထိ ငလျင်လှုပ်ခတ်မှုပေါင်း အကြိမ်ရေ ၁၅၀ နီးပါး ရှိလာပြီလို့ သိရပါတယ်။
စစ်ကိုင်းငလျင်ကြီးရဲ့ နောက်ဆက်တွဲငလျင်ငယ်တွေ ဆက်လက်လှုပ်ခတ်နိုင်တဲ့အတွက် ငလျင်ဘေးဆောင်ရန်၊ ရှောင်ရန်၊ သတိပြုရန်တွေနဲ့အညီ နေထိုင်ကြဖို့အတွက်လည်း NUG ဝန်ကြီးဌာနက အသိပေး ထုတ်ပြန်ထားပါတယ်။
မြန်မာနှစ်ဆန်း ၁ ရက်နေ့ကလည်း မွန်းလွဲပိုင်းအချိန်မှာ မန္တလေးမြို့အနီးကို ဗဟိုပြု ပြင်းအား ၄.၆ အဆင့်ရှိ ငလျင်လှုပ်ခတ်သွားခဲ့ပါသေးတယ်။
ဧပြီ ၁၃ ရက် မနက်ပိုင်းမှာလည်း မန္တလေးဝမ်းတွင်းမြို့အနီး မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြုရစ်ချ်တာစကေး ၅.၉ ပြင်းအားအဆင့်နဲ့ အင်အား အသင့်အတင့်ရှိတဲ့ ငလျင် လှုပ်ခတ်သွားပါသေးတယ်။