ကော့ကရိတ်တွင် ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည့် စစ်ကောင်စီတပ်စခန်းများကို KNLA ပူးပေါင်းမဟာမိတ်တပ်များက ဝင်ရောက် တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေ၊ ပြည်သူများ စစ်ဘေးရှောင်နေရ

by

in

ကော့ကရိတ်တွင် ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည့် စစ်ကောင်စီတပ်စခန်းများကို KNLA
ပူးပေါင်းမဟာမိတ်တပ်များက ဝင်ရောက် တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေ၊ ပြည်သူများ စစ်ဘေးရှောင်နေရ
ရန်ကုန် ၊ ဧပြီ ၁၅
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည့် အကြမ်းဖက် စစ်တပ်၏ စကခ ၁၂ အနီးရှိ စစ်စခန်းများကို ဝင်ရောက် တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းနေကြောင်း KNLA မဟာမိတ် ပူးပေါင်း စစ်ကြောင်း သတင်း အရင်းအမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလ ၁၄ ရက်နေ့ ညပိုင်းမှ စတင်ကာ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးလမ်းပိုင်းရှိ ကျေးရွာများကို ဟောင်ဝှစ်ဇာ အမြှောက်တင့်ကားတစ်စီးဖြင့် လိုက်လံ ပစ်ခတ်တိုက်ခိုက်နေသည့် စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ) ၁၂အနီးရှိ ရင်ကွဲတောင်နေရာ တစ်ဝိုက်ကို KNLA မဟာမိတ် ပူးပေါင်း တပ်ဖွဲ့ များက စစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ပြီး ယနေ့ ဧပြီ ၁၅ ရက်နေ့ နံနက်ပိုင်း အထိတိုက်ပွဲ ဆက်လက်ပြင်းထန် ဖြစ်ပွားနေကြောင်း သိရသည်။
အကြမ်းဖက် စစ်ကောင်စီတပ်၏ ကျုံဒိုး ခမရ ၅၄၅ တပ်ရင်း နှင့် ခမရ ၅၄၆ တပ်ရင်းတို့က ညပိုင်းတွင် ၎င်းတို့ ထိန်းချုပ်ထားသည့် ရင်ကွဲ တောင်လမ်းပိုင်းမှနေ၍ ပြည်သူများရှိနေသည့် ရေပူကြီး ၊ ကော့ဝါလဲ ၊ ဝင်းပြ ၊ နောင်တမံ ၊ သမိန်ဒွတ်၊ တောင်ကမ္ပရိုက် ၊ မိဂလုံ၊ ကမ်းနီ ကျေးရွာများကို လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ ပြည်သူများကို ဦးတည်၍ လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းကြောင့် KNLA နှင့် မဟာမိတ် ပူးပေါင်းတပ်များက ရင်ကွဲတောင် တစ်ဝိုက်ကို ထိုးစစ်ဆင်တိုက်ခိုက် ခြင်းဖြစ်ကြောင်း သိရသည်။
“ဒီကောင်တွေ ပြည်သူတွေရှိတဲ့ရွာတွေကို ညတိုင်းလက်နက်ကြီးတွေနဲ့ လိုက်ပစ်နေတာ အဲဒီတော့ KNLA နဲ့ PDF တွေက သည်းမခံနိုင်တော့လို့ ဒီကောင်တွေရှိတဲ့နေရာကို ဝိုင်းတိုက်တာ အခုတိုက်ပွဲ တွေပြင်းထန်နေတယ်။ ရွာသားတွေက သာမညဘက် ၊ရွှေဖြူ ကျောင်းဘက်ပြန် ရှောင်နေကြပြီ” ဟု ကျုံဒိုးဒေသခံစစ်ရေး သတင်းအရင်းအမြစ်က ပြောဆိုသည်။
ထိုသို့ တိုက်ပွဲပြင်းထန်နေခြင်းကြောင့် ယနေ့ ဧပြီလ ၁၅ ရက်နေ့ နံနက် ၉ နာရီကျော်ခန့်တွင် ကော့ကရိတ်တောင်ပိုင်း ဝင်းကကျေးရွာဘက်သို့ အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
” ညကပစ်ထည့်တာ ကမ္မရိုက်ကြီး၊ မိဂလုံဘက်တောင်ကြာအင်း၊ သမိန်ဒွတ်ဘက်ကျတယ်ပြောတယ်။ မဂလုံက ဖောင်ဆိပ်ဘက်၂ လုံးကျတာမှာ ဘုန်းကြီးကျောင်းအလုံးကြီး အစစင်ပြီး အိမ်သုံးလုံးထိတယ်။ လူအထိအခိုက်မရှိဘူး။ အခုမနက်က ရင်ခွဲ တောင်ဘက် ဖြစ် နေတယ်။ ခုနကဘဲ ဝင်းက ရွာဘက်ကို လေယာဉ်နဲ့ကျဲသွားတယ်။ အထိအခိုက် မသိရသေးဘူး” ဟု KNLA မဟာမိတ် ပူး ပေါင်း စစ် ကြောင်း သတင်းအရင်းအမြစ်က ပြောဆိုသည်။
လက်ရှိချိန်တွင် ကျုံဒိုးမြို့အဝင် နွားခြံကုန်း၊ ကရင်စု နှင့် ကိုးတိုင်၊ ငါးတိုင်၊ ကော့ဝါလဲ့ ကျေးရွာများတွင် အကြမ်းဖက် စစ်တပ်က ကာကင်း စစ်ကြောင်းများ ဖြန့်ကျက်ကင်းပုန်းချထားပြီး လေကြောင်းမှလည်း ကင်းထောက်ပျံသန်းမှုရှိနေသည့် အတွက် ဒေသပြည်သူများသည် ဂျိုင်းမြစ် တစ်ဘက်ကမ်းကျေးရွာများ နှင့် သာမည ကျေးရွာ ဘက်ကို နေရပ်စွန့်ခွာ ရွေ့ပြောင်း ရှောင်တိမ်းမှုရှိ နေကြောင်း သိရှိရသည်။
ပြည်သူများကို လက်နက်ကြီးဖြင့် ပစ်ခတ်နေသည့် ရင်ကွဲတောင်နေရာတဝိုက်သည် DKBA ၊ BGF နှင့် စစ်ကောင်စီတပ်များက ထိန်းချုပ်ထားသည့် နေရာဖြစ်ပြီး ကုန်တင်ကားများနှင့် ခရီးသည်တင်ကားများကို ဝါးတားဂိတ်များဖွင့်ကာ ပိုက်ဆံကောက်ခံနေသော နေရာဖြစ်ကြောင်း သိရသည်။