အင်းတော်မြို့သိမ်းတိုက်ပွဲတွင် ဖမ်းဆီးရရှိသော စစ်သုံ့ပန်း တပ်မ ၇၇ တပ်မမှူး ဗိုလ်မှူးချုပ် အောင်သက်ဦးနှင့် တပ်သားများကို စစ်ဆေးနေပြီး စစ်ဆေးတွေ့ရှိချက်အပေါ် အခြေခံ တရားစီရင်မည်ဟု NUG ထုတ်ပြော

by

in

အင်းတော်မြို့သိမ်းတိုက်ပွဲတွင် ဖမ်းဆီးရရှိသော စစ်သုံ့ပန်း တပ်မ ၇၇ တပ်မမှူး ဗိုလ်မှူးချုပ် အောင်သက်ဦးနှင့် တပ်သားများကို စစ်ဆေးနေပြီး စစ်ဆေးတွေ့ရှိချက်အပေါ် အခြေခံ တရားစီရင်မည်ဟု NUG ထုတ်ပြော
ရန်ကုန်၊ ဧပြီ ၁၅
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့သိမ်းတိုက်ပွဲတွင် ဖမ်းဆီးရရှိသော စစ်သုံ့ပန်း တပ်မ ၇၇ တပ်မမှူး ဗိုလ်မှူးချုပ် အောင် သက်ဦးနှင့် တပ်သားများကို စစ်ဆေးနေပြီး ထွက်ဆိုချက်နှင့်စစ်ဆေးတွေ့ရှိချက်အပေါ် အခြေခံ တရား စီရင်မည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောဆိုသည်။
ယနေ့ ထုတ်ပြန်သည့် ပြည်သူလူထု နှင့် နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း ၈/၂၀၂၅ အစီအစဉ်တွင် ဦးနေဘုန်းလတ်က အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။
ဧပြီလ ၇ ရက်နေ့ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီ၏ နောက်ဆုံး လက်ကျန်စစ်စခန်းဖြစ်သော ဂျပန်လှိုဏ်ဂူစခန်းမှ တပ်မမှူး ဗိုလ်မှူးချုပ်အောင်သက်ဦးနှင့် တပ်ဖွဲ့ဝင်များ ထွက်ပြေးသွားခဲ့ဖြင့် အင်းတော်မြို့ကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ယင်းနောက် ထွက်ပြေးသွားသော တပ်မ ၇၇ တပ်မမှူး ဗိုလ်မှူးချုပ် အောင်သက်ဦးနှင့်တပ်ဖွဲ့ဝင်များကို ဖမ်းမိခဲ့ပြီး လက်ရှိတွင် စစ်ဆေးမေးမြန်းမှုများ လုပ်ဆောင်နေကာ စစ်ဆေးတွေ့ရှိချက်များအပေါ် မူတည်၍ တရားစီရင်ရေး ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ဧပြီလ ၇ ရက် ည ၉ နာရီ ခန့်မှာ အင်းတော်မြို့ ဂျပန်လှိုဏ်ဂူမှာ အခြေပြုတပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ် တပ်မ ၇၇ ဟာ ဝန်းရံပိတ်ဆို့ထားတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ဖိအားကို ရေရှည် တောင့်ခံနိုင်ခြင်း မရှိတော့ဘဲ စခန်းစွန့်လွှတ်ဆုတ်ခွာ သွားတာကြောင့် အင်းတော်မြို့ကို အပြီးသတ်သိမ်းပိုက်ရရှိခဲ့သလို ဆုတ်ခွာထွက်ပြေးတဲ့ တပ်မမှူးနဲ့ တပ်သားတွေကိုလည်း စစ်သုံ့ပန်းတွေအဖြစ် ဖမ်းဆီးရမိခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းတွေကို စစ်သုံ့ပန်းဆိုင်ရာ မူဝါဒတွေနဲ့ အညီ ထိန်းသိမ်းထားပြီး စစ်ဆေးမေးမြန်းမှုတွေကို ဆောင်ရွက်လျက်ရှိပါတယ်။ စစ်သုံ့ပန်းတွေရဲ့ ထွက်ဆိုချက်၊ စစ်ဆေးတွေ့ရှိချက်တွေအပေါ် အခြေခံပြီး တရားစီရင်ရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ဦးနေဘုန်းလတ်က ပြောဆိုသည်။
NUG က ဖမ်းဆီးရရှိထားသော တပ်မ ၇၇ တပ်မမှူး ဗိုလ်မှူးချုပ် အောင်သက်ဦးသည် စစ်တက္ကသိုလ်အပတ်စဉ် ၄၂ ကျောင်းဆင်းဖြစ်ပြီး တပ်မ ၇၇ တပ်မမှူးအဖြစ် ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းတွင်မှ စတင်တာဝန်ယူခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်း၏ နောက်ကြောင်းရာဇဝင်များကို ပြန်လည် လေ့လာကြည့်လျှင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းစအချိန် ရန်ကုန်မှ ဆန္ဒပြပြည်သူများကို စစ်တပ်က ပစ်ခတ်သတ်ဖြတ်ရာတွင် အောင်သက်ဦးက ရန်ကုန် တိုင်းစစ်ဌာနချုပ်၏ အမှတ် ၁ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးအဖြစ်ဖြင့် အမိန့်ပေးခိုင်းစေခဲ့ကြောင်း သိရှိရသည်။
ယင်းနောက် ရန်ကုန်တိုင်း စစ်ဌာနချုပ် အမှတ် ၁ စစ်ဗျူဟာမှူးအဖြစ်မှ ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်၊ ကော့သောင်းတပ်နယ်၏ စစ်ဗျူဟာမှူးအဖြစ် ပြောင်းရွှေ့ခဲ့ပြီး ၂၀၂၃ ခုနှစ် နိုဝင်ဘာလအထိ တာဝန်ထမ်းဆောင်ခဲ့ကြောင်း၊ ယင်းနောက် တပ်မ ၇၇ တပ်မမှူးဖြစ်လာခြင်းဖြစ်ကြောင်း သိရှိရဥည်။
ဗိုလ်မှူးချုပ်အောင်သက်ဦးတွင် ဇနီး ဒေါ်သက်စုနွယ်ထွန်း၊ သားအကြီးဖြစ်သူ ပြည်သျှံဦး ၊ သားအငယ် အံ့ဘုန်းဦးတို့ ရှိကြောင်း သိရှိရသည်။