ဧရာဝတီတိုင်းတွင် အေးသင်္ကြန်ဟုအမည်ပြောင်း၍ လမ်းလျှောက်သင်္ကြန်ပွဲပြုလုပ်နေပြီး ရဲတပ်ဖွဲ့ဝင်များက အရက်တောင်းသောက်နေ
ဧရာဝတီတိုင်းမ်
ဧပြီ ၁၄ ရက်
ဧရာဝတီတိုင်းဝန်ကြီးချုပ်က သင်္ကြန်ပွဲကို အေးသင်္ကြန်ဟုအမည်ပေးပြီး လမ်းလျှောက်သင်္ကြန်ပြု လုပ်ကာ သင်္ကြန်ပွဲဆင်နွှဲရေကစားနေကြကြောင်း သိရသည်။
ပုသိမ်မြို့ ကမ်းနားလမ်း မြို့တော်ဝန်မဏ္ဍပ်ကို ယမန် နေ့ ဧပြီ ၁၃ ရက်နေ့က ဝန်ကြီးချုပ်ကိုယ်တိုင်တက်ရောက်ကာ ဖွင့်ပွဲပြုလုပ်ပြီး ယနေ့ ဧပြီ ၁၄ ရက်နေ့ သင်္ကြန်အကျနေ့တွင်လည်း ဝန်ကြီးချုပ်၊ မြို့နယ်မှူး၊ ခရိုင်မှူး၊ တိုင်းမှူးနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများပါမကျန် သင်္ကြန်ပွဲပြုလုပ်နေကြကြောင်း သိရသည်။
ငလျင်ဒဏ်သင့်ပြည်သူများကို စာနာသောအားဖြင့် ရန်ကုန်နှင့် မန္တလေးအပါအဝင် မြို့ကြီးများရှိ ပြည်သူများ သင်္ကြန်ပွဲပြုလုပ်ခြင်းမရှိသည့်အချိန်တွင် စစ်ခေါင်းဆောင်ဦးဆောင်ပြီး နေပြည်တော်၌ အေးသင်္ကြန်၊ လမ်းလျှောက်သင်္ကြန်များပြုလုပ်နေကာ ဧရာဝတီတိုင်း၌လည်း တိုင်းဝန်ကြီးချုပ်ဦးဆောင်ကာ သင်္ကြန်ပွဲဆင်နွှဲနေခြင်းဖြစ်သည်။
ပုသိမ်မြို့တော်ဝန်မဏ္ဍပ်တွင် စတုဒီတာကျွေးမွေးသည့်နေရာကို ပြည်သူများကို ဝင်ရောက်ခွင့်မပြုဘဲ စစ်ကောင်စီက ခေါ်ယူထားသည့် လူများနှင့်သာ ရေ ကစားနေကြပြီး တိုင်းအတွင်းရှိ အုပ်ချုပ်ရေးမှူးတိုင်း မတက်မနေရ အကြောင်းကြားထားကြောင်း သတင်းအထူးတပ်ဖွဲ့ ပုသိမ်ထံမှ သိရသည်။
ဝန်ကြီးချုပ်တက်ရောက်သည့် သင်္ကြန်ဖြစ်၍ စစ်ကောင်စီလက်အောက်ခံ ရဲ၊ ယာဉ်ထိန်းရဲ၊ ပြည်သူ့စစ်၊ မီးသတ်၊ ပျူစောထီးများ စုစုပေါင်း အင်အား ၁၀၀ ခန့်ကို အရပ်ဝတ်ဖြင့် လုံခြုံရေးယူပြီး ကင်းပုန်းဝပ်ခိုင်းထားကြောင်း ဒေသခံများထံမှ သိရသည်။
ပုသိမ်ရှိ ဈေးချောင်းလမ်းထိပ် ရွှေစေတီလမ်း ကမ်း နားဘက်ခြမ်း တံတားအောက်တွင် လမ်းများပိတ်ဆို့ထားပြီး အမှတ် ၂ တံတားအောက် မီးသတ်ရုံးရှေ့များတွင် အရပ်ဝတ်များဖြင့် လုံခြုံရေးအပြည့်ယူထားကြောင်း သိရသည်။
ပုသိမ်ခရိုင် ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့မှ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များသည် ယမန်နေ့ ဧပြီ ၁၃ ရက် သင်္ကြန်အကြိုနေ့မှစကာ ပျော်ပွဲရွှင်ပွဲအတွက်ဟုဆိုကာ မြို့ပေါ်ရှိ အရက်ဘီယာဖြန့်ချိသည့် လုပ်ငန်းရှင်များထံမှ တစ်ဆိုင်လျှင် မြန်မာဘီယာပုလင်း နှစ်ပါကင်စီ တောင်းယူကြောင်း ဒေသခံများထံမှ သိရသည်။
#ဧရာဝတီတိုင်း #ပုသိမ် #တိုင်းဝန်ကြီးချုပ် #အေးသင်္ကြန် #ကျင်းပ #ရဲတပ်ဖွဲ့ #အရက် #တောင်းသောက်
#Ayeyarwaddy_Times