“ရွှေမန္တလေးအခုဘဲဖြစ်တာ ငလျင်ဘေးဆိုက်နေတုန်း မြို့လယ်ကရွှေဆိုင်ကို ဓါးပြဝင်တိုက်”
ငလျင်ဒဏ်သင့်မန္တလေးမှာ တစ်ပတ်အတွင်းဓားပြတိုက်မှု နှစ်ကြိမ် ဖြစ်ပွား
ဧပြီ – ၁၁၊ ၂၀၂၅၊ ဆိုင်းမင်း/People’ Spring
ဖျက်အားပြင်း ငလျင်ကြီးကြောင့်ကြီးမားတဲ့ ပျက်စီးဆုံးရှုံးမှုတွေ နဲ့ ကြုံနေရတဲ့ မန္တလေး မှာ တစ်ပတ်အတွင်း ရွှေဆိုင်နဲ့ အထည်ဆိုင် ဓားပြတိုက်ခံရမှု နှစ်မှု ဖြစ်ပွားခဲ့တယ်လို့ဒေသခံတွေဆီကသိရပါတယ်။
အဲဒီဖြစ်စဉ်တွေဟာ အမပူရမြို့နယ် ၊ ဆင်ရွာမြင်းမူကျေးရွာ က အထည်ဆိုင်နဲ့ အောင်မြေသာစံမြို့နယ်က ရွှေဆိုင်တို့ ဓားပြတိုက်ခံရတာပါ။
ဧပြီ ၅ ရက် ၊နေ့ခင်းပိုင်း ၁ နာရီဝန်းကျင်မှာ ဆင်ရွာမြင်းမူကျေးရွာက အထည်ဆိုင်ကို သေနတ်ကိုင် လူ ၆ ဦးအဖွဲ့ ရောက်လာပြီး ဓားပြတိုက်ရာမှာ ဆိုင်ရှင်ရဲ့ရွှေထည်တွေ ၊ ဝန်ထမ်းတွေရဲ့ လက်ကိုင်ဖုန်းနဲ့ ငွေသားအချို့ကို ပါသွားတယ်လို့သိရပါတယ်။
ဓားပြတိုက်မှု ဖြစ်ပွားခဲ့တဲ့ ဆင်ရွာမြင်းမူကျေးရွာဟာ စစ်ကိုင်း – မြစ်ငယ်ကားလမ်းပေါ်မှာ ရှိပြီး လူအသွားအလာ နည်းပါးတယ်လို့ဒေသခံ က ပြောပြပါတယ်။
ရွှေဆိုင်ကတော့ အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်၊ ၅၈ G လမ်း၊ ၁၀ F လမ်းနဲ့ ၁၀ E လမ်း ကြားမှာရှိတဲ့ မိုးမန္တလေးရွှေဆိုင်ဖြစ်ပြီး မနေ့ (ဧပြီ ၁၀ ) နေ့ခင်းပိုင်း ၂ နာရီခွဲခန့်က ဓားပြတိုက်ခံရတာပါ။
ဆိုင်ကယ်တွေနဲ့ ရောက်ချလာတဲ့ အမျိုးသား ၅ ဦးက ရွှေပေါင်ချင်တယ် လို့အကြောင်းပြပြီးနောက် မှန်ကောင်တာတွေကို ရိုက်ခွဲပြီးရွှေထည်တွေ လုယက်သွားတာလို့ သိရပါတယ်။
ဓားပြတိုက်ခံလိုက်ရတဲ့ ရွှေထည်ပစ္စည်းပမာဏကိုတော့ မသိရသေးပါဘူး။ ရွှေဆိုင်ဓားပြတိုက်ခံရမှု ကို စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်အချို့မှာလည်း ဖြန့်ဝေထားကြပါတယ်။
အာဏာသိမ်းစစ်ကောင်စီ ထိန်းချုပ်မှုအောက်မှာရှိတဲ့ မန္တလေးမြို့မှာ ၂၀၂၁ ခုနှစ်စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ လုယက်မှု ၊ ဓားပြတိုက်မှု ၊ လူသတ်မှုတွေ မကြာခဏဆိုသလို ဖြစ်ပွားခဲ့တာရှိပါတယ်။
မြို့လယ်က ဘဏ်တွေ ၊ရွှေဆိုင်တွေ ဓားပြတိုက်ခံရတာတွေရှိခဲ့ပါတယ်။