ငလျင်ကြောင့် သေဆုံးသူအလောင်းများ ကိုင်တွယ်သည့် ကယ်ဆယ်ရေးသမားတချို့ ခန္ဓာကိုယ်အနှံ့ အနီစက်ထွက်
သံလွင်ခက်
ဧပြီ ၈၊ ၂၀၂၅။
မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးနှင့် စစ်ကိုင်းကို ဗဟိုပြုလှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်ကြောင့် သေဆုံးသူရုပ်အလောင်းများအား သယ်ဆောင်သည့် ကယ်ဆယ်ရေးသမားတချို့ ခန္ဓာကိုယ်အနှံ့ အနီစက်ထွက်နေသည်ဟု ကယ်ဆယ်ရေးသမားများထံမှ သိရသည်။
ယခုလိုဖြစ်ရခြင်းသည် ကယ်ဆယ်ရေးသမားများက လုံခြုံရေးဝတ်စုံအပြည့်ဝတ်သော်လည်း အနီစက်များ မထွက်လာခင်အချိန်အထိ ဆေးရုံသုံးလက်အိတ်အဖြူဖြင့် အလောင်းကိုင်တွယ်ခြင်း၊ အလောင်းကိုင်ပြီးပြီးချင်း သန့်ရှင်းရေး သေချာမလုပ်နိုင်ခြင်း၊ ပိုးသတ်ဆေးမဖြန်းရခြင်းကြောင့် ဖြစ်နိုင်သည်ဟု မြေပြင်လုံခြုံရေးသမားတစ်ဦးက ဆိုသည်။
၎င်းက “Dead body အရည်နဲ့ ထိပါများတော့ ဒီလိုမျိုးတွေဖြစ်တော့ လက်အိတ်အရှည်ကြီးတွေ လုံးဝ အရမ်းကောင်းတဲ့အိတ် တံတောင်ဆစ်လောက်ရှိတဲ့ လက်အိတ်ကြီးကို ကျွန်တော်တို့ သုံးလာတယ်။ အလောင်းသယ်လာတဲ့သူကို ကျွန်တော်တို့ ကလိုရင်းဆေးရည် (ပိုးသတ်ဆေး)နဲ့ တစ်ကိုယ်လုံးဖြန်းပါတယ်။ စိုရွှဲနေအောင် ဖြန်းလာတယ်။ အစတုန်းက အဲဒီလိုမလုပ်တော့ ဒီအနီစက်တွေ ထွက်လာတယ်။ အခုအဲဒီလိုတွေ ပြန်လုပ်တော့ သက်သာနေပါပြီ” ဟု ဆိုသည်။
ငလျင်လှုပ်ခတ်ခဲ့သည့် မတ်လ ၂၈ ကက်မှ ဧပြီလ ၈ ရက်အထိ ငလျင်ဒဏ်ကြောင့် နိုင်ငံတဝှမ်းတွင် သေဆုံးသူ ၄,၃၅၅ ဦးနှင့် ဒဏ်ရာရရှိသူ ၆,၅၈၈ ဦးအထိရှိခဲ့သည်ဟု DVB Data Team ၏ အချက်အလက်များအရသိရသည်။
ယနေ့အချိန်အထိ သေဆုံးအလောင်းများကို ဖော်ထုတ်နေရဆဲဖြစ်သည့်အတွက် Dead body သယ်ဆောင်သူများအနေဖြင့် ကာကွယ်ဆေးအချို့နှင့် ဆောင်ရန်၊ ရှောင်ရန်များ ကြိုတင်လေ့လာထားလျှင် ပိုကောင်းသည်ဟု CDM ဆရာဝန် ဒေါက်တာသူရက ပြောသည်။
၎င်းက “ဒီ Dead body သယ်ဆောင်တဲ့ သူတွေအနေနဲ့ ကာကွယ်ဆေးတချို့ဖြစ်တဲ့ အသည်းရောင်အသားဝါကာကွယ်ဆေးမျိုးကို ကြိုတင်ထိုးထားရင် ပိုအကောင်းဆုံးပဲပေါ့နော်။ ပြီးတော့ Dead body ကိုင်တဲ့အခါမှာလည်း တိုက်ရိုက်ထိတွေ့တာမျိုးကိုလည်း လုံးဝ ရှောင်ကြဉ်သင့်တယ်ပေါ့နော်။ အကယ်၍ ကိုင်မယ်ဆိုလို့ရှိရင်လည်း လက်အိတ်စွတ်တာတို့၊ PPE တို့၊ အေပရွန်တို့ ဝတ်တာမျိုး၊ မျက်မှန်တပ်တာတို့၊ ဦးထုပ်ဆောင်းတာတို့၊ ဖိနပ်တွေ သေချာစီးတာတို့၊ Mask တပ်တာတို့ ဝတ်ပြီးမှ သယ်ဆောင်တာတွေ လုပ်ရမှာဖြစ်တယ်ပေါ့နော်။ ဒါကလည်း အရေးကြီးတယ်၊ နောက်တစ်ခုက ဒဏ်ရာအနာတရတွေရှိရင်လည်း သေချာလေး ပတ်တီးလေး ပတ်၊ သေချာ ရေလုံအောင်ထားပြီးတော့မှ သယ်ဆောင်သင့်တယ်ပေါ့နော်။ Dead body တွေအနားမှာ အစာစားတာ၊ ရေသောက်တာ၊ ဆေးလိပ်သောက်တာတို့လည်းမလုပ်သင့်ဘူးပေါ့” ဟု ဆိုသည်။
သဘာဝဘေးကြောင့် သေဆုံးသွားရသူများသည် ကူးစက်ရောဂါကြောင့် သေဆုံးသွားသူများလို ကူးစက်ရောဂါပြန့်ပွားမှုနှုန်း မရှိသော်လည်း ရုပ်အလောင်းမှ ထွက်သည့် အရည်များသည် သုံးရေများသို့ စီးဆင်းသွားမည်ဆိုပါက ဝမ်းပျက်ဝမ်းလျှောများ ဖြစ်ပွားနိုင်သည်ဟုလည်း ၎င်းဆရာဝန်က ဆက်ပြောသည်။
ငလျင်ကြောင့် သေဆုံးသူ လူဦးရေများပြားသည့်အတွက် Dead body ထည့်သည့်အိတ်များလည်း လိုအပ်နေဆဲဖြစ်သည်ဟု မြေပြင်ကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။
ပုံစာ – Dead body ကိုင်ပြီးပြီးချင်း သန့်ရှင်းရေး သေချာမလုပ်နိုင်ခြင်း၊ ပိုးသတ်ဆေးမဖြန်းရခြင်းကြောင့် ကယ်ဆယ်ရေးသမားအချို့ ခန္ဓာကိုယ်မှ အနီစက်များ ထွက်နေပုံများ။