ပြည်ပရောက် ကျောင်းသားများနှင့် လူငယ်များ စစ်မှုထမ်းရန် ပြန်မလာသေးပါက လူငယ် ၁ ဦးလျှင် ငွေကျပ် သိန်း ၅၀ ပေးရမည်ဟု လှိုင်သာယာ FMI City အုပ်ချုပ်ရေးမှူးက တောင်းခံနေ
ရန်ကုန်၊ ဧပြီ ၉
ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ အမှတ် ၄ ရပ်ကွက် (FMI City) အုပ်ချုပ်ရေးမှူး အောင်ကျော်မိုးက ပြည်ပတွင် ကျောင်းတက်၊ အလုပ်လုပ်ကိုင်နေသော လူငယ်များကို စစ်မှုထမ်းရန် မဖြစ်မနေ ပြန်လာရမည်ဟု ခြိမ်းခြောက်၍ ငွေကျပ် သိန်း ၅၀ တောင်းခံနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလပိုင်းမှ စတင်၍ စစ်မှုထမ်းအပတ်စဉ် ၁၂ အတွက် လှိုင်သာယာမြို့နယ် အမှတ် ၄ ရပ်ကွက် (FMI City) အုပ်ချုပ်ရေးမှူး အောင်ကျော်မိုးက ရပ်ကွက်နေ လူငယ်များ၏ မိဘများကို တစ်ဦးခြင်းဆင့်ခေါ်၍ စစ်မှုထမ်း အပတ်စဥ် ၁၂ အတွက် ငွေညှစ်တောင်းခံနေခြင်းဖြစ်ကြောင်း သိရသည်။
အုပ်ချုပ်ရေးမှူး အောင်ကျော်မိုးသည် ရပ်ကွက်နေ ပြည်သူများ၏ သားသမီးများကို စစ်မှုမဖြစ်မနေ ထမ်းဆောင်ရပါမည်ဟု ခြိမ်းခြောက်၍ နိုင်ငံခြားတွင် ကျောင်းတက်နေသည့် အလုပ်လုပ်နေသော သားသမီးများ၏ ကျောင်းအမည် ကုမ္မဏီ အမည်နှင့် နေရပ် လိပ်စာများကိုပါ အတင်းအကျပ် တောင်းယူကာ မဖြစ်မနေပြန်လာရမည်ဟူ၍ အတင်း ခြိမ်းခြောက်ကာ လူကိုယ်တိုင် မလာနိုင်ပါက ငွေကျပ်သိန်း ၃၀ မှ သိန်း ၅၀ အထိ တောင်းယူနေပြီး စာအိတ်ဖြင့်ထည့်ကာ လမ်းအလှူဟူ၍ ခေါင်းစဥ်တပ်ကာ ၂ ပတ်အတွင်း ပေးသွင်းရမည်ဟု တောင်းခံနေခြင်းဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင် အုပ်ချုပ်ရေးမှူး အောင်ကျော်မိုးသည် ၎င်း၏ သမီးဖြစ်သူကိုပါ ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့တွင် စာရေးအဖြစ် ခန့်အပ်ထားပြီး မိသားစု စီးပွားရေးသဖွယ် လုပ်ကိုင်နေခြင်းဖြစ်ကြောင်း သိရသည်။
“လှိုင်သာယာ အမှတ် ၄ ရပ်ကွက် FMI အုပ်ချုပ်ရေးမှူး အောင်ကျော်မိုးက ပြည်သူလူထုအပေါ် အနိုင်ကျင့်မှုများပြီး အခုက စစ်မှုထမ်း အပတ်စဉ် ၁၂ အတွက်ဆိုပြီး ရပ်ကွက်ထဲက အိမ်တိုင်းစေ့ကို ရုံးခေါ် ခြိမ်းခြောက်နေတာ သူတို့ တောင်းတဲ့ ပိုက်ဆံမပေးနိုင်ရင် ပြည်ပကနေ ပြန်လာပြီး စစ်မှုထမ်းရမယ်လို့ ပြောပါတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
အကြမ်းဖက် စစ်ကောင်စီက ယခု ဧပြီလအတွင်း ဖွင့်လှစ်မည့် စစ်မှုထမ်း အပတ်စဉ် ၁၂ အတွက် နိုင်ငံတစ်ဝန်းတွင် ပေါ်တာဆွဲဖမ်းဆီးမှုများ၊ အတင်းအကျပ် ဆင့်ခေါ်မှုများကို လုပ်ဆောင်နေကြောင်း စုံစမ်းသိရှိရသည်။
