ဘင်္ဂလားပင်လယ်အောင်တောင်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နေပြီး နေရာကွက်ကျား မိုးထစ် ချုန်းရွာမည်

by

in

ဘင်္ဂလားပင်လယ်အောင်တောင်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နေပြီး နေရာကွက်ကျား မိုးထစ် ချုန်းရွာမည်
ဧရာဝတီတိုင်းမ်
ဧပြီ ၇ ရက်

ဘင်္ဂလားပင်လယ်အောင်တောင်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ် ‌‌နေသဖြင့် ငလျင်ဘေး ဒဏ်ခံရသည့် ဒေသများအပါအဝင် တိုင်းနှင့် ပြည်နယ်အချို့တွင် နေရာကွက်ကျားမိုးထစ်ချုန်း ရွာမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့် ဇလဗေ‌ဒညွှန်ကြားမှူဦးစီးဌာန(မိုး/ဇလ) က ယနေ့ ဧပြီ ၇ ရက်နေ့ ညနေပိုင်းတွင် ထုတ်ပြန်ထားသည်။
လာမည် ဧပြီ ၅ ရက်နေ့အထိ နံနက်အထိခန့်မှန်းချက်တွင် နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းနှင့် ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေရာစိပ်စိပ်မိုးထစ်ချုန်းရွာမည် ဖြစ်ကြောင်းသိရသည်။
ငလျင်ဘေးဒဏ်ကြောင့် ဇရပ်၊ ကွင်းပြင်နှင့် မြေနေရာလွတ်များပေါ်တွင် ယာယီတဲထိုးနေထိုင်ရသူများ အဆောက်အဦးဖြိုချသူများနှင့် ကူညီကယ်ဆယ်ရေးအဖွဲ့များအတွက် အခက်အခဲများဖြစ်ပေါ် နိုင်ကြောင်း သိရသည်။
ထို့ပြင် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်ဖြစ်ကြောင်းမိုး/ဇလ ကဆိုထားသည်။
လာမည့်နှစ်ရက်အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာ ကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်ကြောင်း သိရသည်။
ယင်းပြင် ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး၊ အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာ နေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ် ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းတို့ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။
အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ၏ လူသားချင်းစာနာထောင်ထားရေးနှင့် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာန (MOHADM) ကလည်း ငလျင်ဘေးသင့်ပြည်သူများအနေဖြင့် မိုးရွာသွန်းခြင်း၊ စိုက်ဆင်းလေပြင်းတိုက်ခြင်း၊ မိုးတိမ်တောင်များဖြစ်ပေါ်ခြင်းတို့နှင့်အတူ နောက် ဆက်တွဲ ကျန်းမာရေးဆိုင်ရာအန္တရာယ်များကို အထူးသတိပြုနိုင်ကြပါရန်အသိပေးနှိုးဆော်ထားသည်။
မိုးလေဝသခန့်မှန်းတွက်ချက်မှုပြ Model များအရ အဆိုပါလေဖိအားနည်းရပ်ဝန်းသည် ဆက်လက် အားကောင်းလာခြင်းမရှိကြောင်း ခန့်မှန်းထားသော်လည်း ၎င်း၏လမ်းကြောင်းနှင့် အားကောင်းလာမှု အခြေအနေကို အချိန်နှင့်အမျှ စောင့်ကြည့်ရန်လိုအပ်ကြောင်း MOHADM က သတိပေးထားသည်။
ဓာတ်ပုံ – MOHADM
#လေဖိအားနည်းရပ်ဝန်းဖြစ် #မိုးရွာမည် #ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း