စစ်ကောင်စီတပ်သားများ တပ်စွဲထားရာ တညောင်ဓာတ်အားခွဲရုံကို ဝင်ရောက်တိုက်ခိုက်၊ စစ်တပ် အရာရှိ ၂ ဦးနှင့် စစ်သား ၃၀ ဦးကျော် သေဆုံး
ဧပြီ ၇၊ ၂၀၂၅
မကွေးတိုင်း၊ စလင်းမြို့နယ်မှာ အင်အား ၈၀ ခန့်နဲ့ စစ်ကောင်စီတပ် တပ်စွဲထားတဲ့ တညောင်ဓာတ်အားခွဲရုံကို ဝင်ရောက်တိုက်ခိုက်ရာ စစ်တပ်က အရာရှိ ၂ ယောက်နဲ့ စစ်သား အယောက် ၃၀ ကျော် သေဆုံးခဲ့တယ်လို့ ဗမာ့တပ်တော်က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
ဗမာ့တပ်တော်နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက မတ်လ ၃၁ ရက် မနက်အစောပိုင်းအချိန်မှာ အကြမ်းဖက်စစ်တပ်ရဲ့ လေတပ်အတွက် လေယာဥ်ဗုံးသီးတွေ ထုတ်လုပ်တဲ့ ကပစ ၂၁၊ လေကြောင်းကာကွယ်ရေးလက်နက်တွေ ထုတ်လုပ်တဲ့ ကပစ ၂၀ နဲ့ ကပစ ၂၅ တို့ကို စက်ရုံလည်ပတ်နိုင်ရေး အဓိကဓာတ်အားပေးနေတဲ့ စလင်းမြို့နယ်၊ တညောင်ဓာတ်အားခွဲရုံရှိ အထိုင်ချတပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို လက်နက်ကြီး၊ လက်နက်ငယ်၊ ဒရုန်းတွေနဲ့ အလစ်အငိုက် ချေမှုန်းတိုက်ခိုက်ခဲ့ရာ ၄ နာရီကျော်ကြာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အပြန်အလှန်ပစ်ခတ်တိုက်ပွဲ ၄ နာရီကျော်အတွင်း စစ်ကောင်စီတပ်က ဓာတ်အားခွဲရုံ ရုံးမှူး၊ အရာရှိ ၂ ယောက်နဲ့ အကြမ်းဖက်စစ်သား ၃၀ ကျော် သေဆုံးပြီး အများအပြား အပြင်းအထန်ဒဏ်ရာရရှိခဲ့ပါတယ်။ ဓာတ်အားခွဲရုံအတွင်း ထရန်စဖော်မာအလုံး ၈၀ ခန့် ပျက်စီးပြီး ကပစ ၂၀၊ ၂၁၊ ၂၅ နဲ့ လစခ ၉ တို့ လျှပ်စစ်ဓာတ်အား လုံးဝပြတ်တောက်ကာ စစ်ဆင်ရေးနဲ့ ထုတ်လုပ်ရေးလုပ်ငန်းတွေ လုံးဝရပ်တန့်သွားခဲ့တယ်လို့ ဗမာ့တပ်တော်က ဆိုပါတယ်။
အဲ့ဒီချေမှုန်းတိုက်ခိုက်မှုစစ်ဆင်ရေးကို ဗမာ့တပ်တော်၊ အမှတ်(၃)စစ်ဦးစီးကွပ်ကဲရေးမှူးက ဦးစီးကာ ဗမာ့တပ်တော် တပ်ရင်း(၇၀၇)၊ ပေါက်တောင်ပိုင်းကျန်းမာရေးနဲ့ သူနာပြုတပ်ဖွဲ့၊ ဒေါင်းစစ်အောင် Local PDF၊ မင်းဘူးခရိုင်အမှတ်(၁)တပ်ရင်း၊ ဂန့်ဂေါခရိုင်ပူးပေါင်းတပ်ဖွဲ့၊ စလင်းမြို့နယ်ပကဖတပ်ဖွဲ့၊ ဆိပ်ဖြူမြို့နယ်ပကဖတပ်ဖွဲ့၊ မကွေးတိုင်းဒရုန်းလက်ရုံးတပ်ဖွဲ့၊ မင်းဘူးခရိုင်လက်ရုံးတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း ပေါက်တောင်ပိုင်းကျန်းမာရေးနဲ့ သူနာပြုတပ်ဖွဲ့က တော်လှန်ရေးရဲဘော်တစ်ယောက် ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲဖြစ်ပွါးကာ တော်လှန်ရေးတပ်ပေါင်းစုတွေ ပြန်လည်ထွက်ခွါသွားပြီးနောက် တညောင်ဓာတ်အားခွဲရုံအနီးတစ်ဝိုက်ရှိ ပြည်သူတွေ နေထိုင်ရာ ကျေးရွာတွေကို မကွေးလေတပ်က ဂျက်ဖိုက်တာတွေနဲ့ ၁၀ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျေးရွာတွေ ပျက်စီးပြီး အပြစ်မဲ့ပြည်သူတွေ ထိခိုက်သေဆုံးမှုရှိတယ်လို့လည်း ဗမာ့တပ်တော်က ဆိုပါတယ်။
ဗမာ့တပ်တော်အနေနဲ့ ပြည်သူတွေ ငလျင်ဘေးဒဏ်သင့်တဲ့ ဒေသတွေမှာ စစ်ရေးဆောင်ရွက်ခဲ့တာမျိုးမဟုတ်ဘဲ ငလျင်ဘေးဒဏ်လုံးဝလွတ်ကင်းတဲ့ ဒေသမှာသာ အကြမ်းဖက်စစ်တပ်ရဲ့ လေယာဉ်တွေနဲ့ ဆက်လက်ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် စစ်ဆင်ရေးဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ ဆိုထားပါတယ်။