မန္တလေးတွင် ညနေပိုင်းနှင့်ညပိုင်းအချိန် ပြိုကျတော့မည့် တိုက်နှင့်နေအိမ်များကို ကူညီကယ်ဆယ်ရေး အယောင် ဆောင်၍ ပစ္စည်း လုယက်မှုများဖြစ်ပွားနေ၊ နေပြည်တော်တွင်လည်း တိုက်ပြိုတိုက်ပျက်ကြားများ ဝင်ရောက် ပစ္စည်းခိုးယူမှုများရှိနေ

by

in

မန္တလေးတွင် ညနေပိုင်းနှင့်ညပိုင်းအချိန် ပြိုကျတော့မည့် တိုက်နှင့်နေအိမ်များကို ကူညီကယ်ဆယ်ရေး အယောင် ဆောင်၍ ပစ္စည်း လုယက်မှုများဖြစ်ပွားနေ၊ နေပြည်တော်တွင်လည်း တိုက်ပြိုတိုက်ပျက်ကြားများ ဝင်ရောက် ပစ္စည်းခိုးယူမှုများရှိနေ
ရန်ကုန်၊ ဧပြီ ၇
ငလျင်ဒဏ်ခံထားရသော မန္တလေးမြို့တွင် ညနေပိုင်းနှင့်ညပိုင်း အချိန် ပြိုကျတော့မည့် တိုက်နှင့်နေအိမ်များကို ကူညီကယ်ဆယ်ရေး အယောင်ဆောင်၍ ပစ္စည်းများ လုယက်မှုများဖြစ်ပွားနေကြောင်း မန္တလေးမြို့ခံ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် မန္တလေးမြို့တွင် နေအိမ်နှင့်အဆောက်အအုံများ ပြိုကျခြင်း၊ တိမ်းစောင်းခြင်းနှင့် ပြိုကျလုလုဆဲ အခြေအနေများ ဖြစ်ပေါ်ခဲ့ကြောင်း၊ လျှပ်စစ်မီးများလည်း ပြတ်တောက်နေသဖြင့် ညနေပိုင်းနှင့် ညပိုင်းအချိန်များတွင် ကူညီကယ်ဆယ်ရေး အယောင်ဆောင်၍ နေအိမ်နှင့်တိုက်တာများအတွင်းသို့ ဝင်ရောက်ကာ ပစ္စည်းများ လုယူခြင်း၊ အဲကွန်းနှင့်ရေခဲသေတ္တာများကို မယူခြင်း၊ အိမ်ထောင် ပရိဘောဂများကို သယ်ယူခြင်း၊ အဖိုးတန်စ္စည်းများ ရှာဖွေယူဆောင်ခြင်းများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရသည်။
ဧပြီလ ၄ ရက်နေ့ ညနေပိုင်းမန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ အောင်မြေမန္တလာဘောလုံးကွင်းအနောက်ဘက်ရှိ ပြိုကျလုဆဲဆဲ တိုက်ခန်းများအတွင်းသို့ ကူညီကယ်ဆယ်ရေးအဖွဲ့ပုံစံ ဝတ်စားဆင်ယင်ထားသော လူတစ်စုက အယောင်ဆောင်၍ ပစ္စည်းများ လုယက်သယ်ဆောင်ခိုးယူမှုများ လုပ်ဆောင်ခဲ့ကြောင်း၊ လူအင်အားများပြား သဖြင့် ဒေသပြည်သူများကလည်း ကူညီကယ်ဆယ်ရေးဟု ထင်မှတ်ခဲ့ကြောင်း၊ အဲကွန်းနှင့်ရေခဲသေတ္တာ ၊ အိမ်ထောင်စုပရိဘောဂများကို သယ်ထုတ်သွားသည့်အခါမှ ဝင်ရောက်လုယူ ခိုးယူသူများ ဖြစ်ကြောင်း သိရှိခဲ့ရသော်လည်း လူအင်အားများ၍ ရန်ပြုမည်စိုးရိမ်သဖြင့် ခိုးယူသူများကို တားဆီးနိုင်ခဲ့ခြင်း မရှိကြောင်း သိရှိရသည်။
“ညနေပိုင်း နည်းနည်းမှောင်တဲ့အချိန်မှာ ကယ်ဆယ်ရေးလိုလို ကူညီရေးလိုလို တူညီဝတ်စုံတွေဝတ်ပြီး ဓာတ်မီးတွေနဲ့ ဟိုထိုး ဒီထိုး ရှာသလို စစ်ဆေးသလို လုပ်လာကြတာ။ ပိုင်ရှင်တွေကလည်း မရှိကြဘူး။ တိုက်ခန်းတွေနဲ့ နေအိမ်တွေကလည်း ပြိုကျလုဆဲဆဲဆိုတော့ ဘယ်သူမှ မဝင်ရဲဘူး။ အဲဒါ သူခိုးတွေက ဝင်ယူတယ်။အဓိက အဲကွန်းတွေဖြုတ်တယ်။ ရေခဲသေတ္တာ၊ TV ပရိဘောဂ၊ ဒန်အိုးဒန်ခွက်ပါမကျန် ယူကြတာ။ အုပ်စုလိုက်ဆိုတော့ ပစ္စည်းခိုးသူတွေမှန်းသိတောင် ကိုယ့်ရန်မူမှာစိုးလို့ မပြောရဲ မဆိုရဲဘူး။ ပိုင်ရှင်တွေကလည်း အိမ်ပြန်လာကြည့်တာ မရှိကြဘူး”ဟု ယင်းဖြစ်စဉ်ကို မျက်မြင်တွေ့ရှိခဲ့သူ ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ နေပြည်တော်၊ ဝန်ထမ်းအိမ်ရာအိမ်ရာများတွင်လည်း ပြိုကျလုဆဲဆဲတိုက်ခန်းများအတွင်းသို့ ဝင်ရောက်၍ ပစ္စည်းရှာဖွေ လုယူသူများရှိနေကြောင်း၊ အထူးသဖြင့် လူစုလူဝေး စုဖွဲ့၍ ညမှောင်ချိန် ဝင်ရောက် ရှာဖွေ ပစ္စည်းယူသူများရှိနေကြောင်း သိရှိရသည်။
“ညပိုင်း အခန်းတွေထဲ ဝင်ရှာကြတာ။ ခိုးတာကတော့ အိမ်ထောင်ပစ္စည်းတွေ ရတဲ့ဟာ ယူကြတာ။ အဝတ်ရရင် အဝတ်ယူတယ်။ အခန်းတွေ တိုက်တွေက ပြိုကျလုလုတွေကို အန္တရာယ်များတာတောင် ဝင်ယူကြတာ။ ဝန်ထမ်းတွေက ဘောလုံးကွင်းနဲ့ ပြန်လည်နေရာချထားတဲ့ ကယ်ဆယ်ရေးစခန်းတွေမှာ ရောက်နေကြပြီ။ အဓိက ပစ္စည်း ခိုးယူ လုယက်မှုတွေ ဖြစ်နေတာက ခရေအိမ်ရာတွေမှာ ညပိုင်းတွေ ဖြစ်နေတာ” ဟုနေပြည်တော်၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာထမ်းတစ်ဦး က ရှင်းပြသည်။
ဓာတ်ပုံ- နေပြည်တော်တွင် ငလျင်ကြောင့် ပြိုကျပျက်စီးနေသော မြန်မာ့ကျောက်မျက်ရတနာပြတိုက်။