စစ်ကိုင်းမြို့ကို ကျော်လွန်၍ ငလျင်ဘေးကူညီကယ်ဆယ်ရေးသွားမည့် အဖွဲ့များနှင့် ယာဉ်တန်းများကို စစ်တပ်၊ပျူစောထီးနှင့်ပြည်သူ့စစ်များက တားဆီး၊ တော်လှန်ရေးအဖွဲ့များ စိုးမိုးသော ဒေသများသို့ ခွင့်ပြုချက်မရှိလျှင် သွား ရောက် ကူညီခွင့်မရှိဟုဆို

by

in

စစ်ကိုင်းမြို့ကို ကျော်လွန်၍ ငလျင်ဘေးကူညီကယ်ဆယ်ရေးသွားမည့် အဖွဲ့များနှင့် ယာဉ်တန်းများကို စစ်တပ်၊ပျူစောထီးနှင့်ပြည်သူ့စစ်များက တားဆီး၊ တော်လှန်ရေးအဖွဲ့များ စိုးမိုးသော ဒေသများသို့ ခွင့်ပြုချက်မရှိလျှင် သွား ရောက် ကူညီခွင့်မရှိဟုဆို
ရန်ကုန် ၊ ဧပြီ ၇
စစ်ကိုင်းမြို့ကို ကျော်လွန်၍ ငလျင်ကူညီကယ်ဆယ်ရေးသွားမည့် အဖွဲ့များနှင့် ယာဉ်တန်းများကို စစ်တပ်၊ပျူစောထီးနှင့်ပြည်သူ့စစ်များက စတင်တားဆီးနေပြီး ခွင့်ပြုချက်မရှိလျှင် တော်လှန်ရေးအဖွဲ့များစိုးမိုးသော ဒေသများသို့ သွားရောက် ကူညီခွင့်မရှိဟု တရားဝင် ပြောဆိုပိတ်ပင်လာကြောင်း တားဆီးခံရသည့် ကူညီရေးအဖွဲ့တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလ ၆ ရက်နေ့ငလျင်ဒဏ်သင့် မင်းကွန်းဒေသသို့ ကူညီကယ်ဆယ်ရေးသွားရောက်ကြိုးစားခဲ့သည့် ကူညီရေးအဖွဲ့တစ်ခုမှာ စစ်ကိုင်းမြို့အထွက်တွင် စစ်တပ်နှင့်ရဲများ၏ တားဆီးမှုခံခဲ့ရကြောင်း၊ သက်ဆိုင်ရာ မင်းကွန်းဒေသအာဏာပိုင်များနှင့် ချိတ်ဆက်ထားမှုမရှိခြင်း၊ ဆန်၊ ဆီ၊ ဆား အပါအဝင် ရိက္ခာနှင့်ရေသန့်၊ ဆေးဝါးများ၊ အမိုး အကာများ တစ်ပါ တည်း ပါဝင်လာခြင်းတို့ကြောင့် သွားရောက်ခွင့်မပြုဘဲ စစ်ကိုင်းမြို့ပေါ်တွင်သာ ကယ်ဆယ်ရေးနှင့် ရိက္ခာပစ္စည်းများ ထားခဲ့ရန် ပြောဆိုပြီး ပိတ်ပင်တာားဆီးခဲ့ကြောင်း သိရှိရသည်။
“ငလျင်ဘေးသင့် ဒေသကို သွားမယ်ဆိုရင် သက်ဆိုင်ရာ ဒေသအာဏာပိုင်အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီးတော့ ကယ်ဆယ်ရေးအတွက် ပေးမယ့် ပစ္စည်းတွေ စာရင်းဇယားနဲ့တကွ အတိအကျ သယ်ယူပါမယ်ဆိုတဲ့ ခွင့်ပြုချက် ယူမှ သယ်ခွင့်ပေးမယ်လို့ ပြောတယ်။ ကယ်ဆယ်ရေးပုံစံဖမ်းပြီး အကြမ်းဖက် အဖွဲ့တွေအတွက် ရိက္ခာ၊ ဆေးဝါး စုဆောင်းတာမျိုး ဖြစ်မှာစိုးလို့ တားဆီးတာလို့ ပြောပါတယ်။ လှူချင်ရင်တော့ စစ်ကိုင်းမြို့ပေါ် ကယ်ဆယ်ရေးအဖွဲ့တွေဆီမှာသွားလှူပါ။ မလှူချင်ရင်လည်း နောက်ပြန်လှည့်ပါလို့ပြောတယ်။ ရှေ့ဆက်သွားချင်ရင်တော့ ခွင့်ပြုချက် မပါရင် မရဘူးလို့ ပြောပါတယ်” ဟု ယမန်နေ့ တားဆီးခံခဲ့ရသည့် ကူညီကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ထို့ပြင် စစ်ကိုင်းမြို့ပေါ်တွင်လည်း လက်နက်ကိုင်ဆောင်ထားသော ပြည်သူ့စစ်နှင့် ပျူစောထီးတချို့က စစ်ကိုင်းမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် စစ်ကိုင်းတောင်ရိုးဘက်သို့ သွားမည့် ကယ်ဆယ်ရေးယာဉ်များကို စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း၊ ရိက္ခာပစ္စည်းများကို စစ်ဆေးခြင်း၊ ကယ်ဆယ်ရေးသွားမည့် သူများ၏ မှတ်ပုံတင်များကို စစ်ဆေးခြင်းများ လုပ်ဆောင်နေကြောင်း သိရှိရသည်။
“သေနတ်အရှည်တစ်လက်၊ အတိုတစ်လက်ကိုင်ထားတဲ့ ပျူစောထီးအဖွဲ့တွေက ပရဟိတကသမားတွေ၊ ကူညီကယ်ရေးလုပ်နေတဲ့အဖွဲ့တွေကို စစ်ဆေးမှုလုပ်ပါတယ်။ မြို့ပေါ် ပြင်ပ ကူညီရေးသွားမယ်ဆိုရင် မြို့နယ်ခွင့်ပြုချက်ရလား၊ မြို့နယ်ခွင့်ပြု ချက်မပါရင်တော့ သူတို့ခွင့်ပြုတဲ့ကျေးရွာတွေကိုပဲ လှူရမယ်လို့ ပြောပါတယ်။ လှူမယ့် ပစ္စည်းတွေကိုလည်း အကုန် လှန်လှော စစ်ဆေးပါတယ်။ ” ဟု စစ်ကိုင်းတောင်ရိုးရှိ ဘုန်းကြီးကျောင်းများနှင့် သီလရှင်ကျောင်းများထံသို့ ဆန်အိတ်လှူရန် သွားရောက်ခဲ့သည့် ပရဟိတအဖွဲ့တစ်ခုက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ ပြောကြားသည်။
မတ်လ ၂၈ ရက်နေ့ ငလျင်လှုပ်ခတ်ခဲ့ပြီး ၅ ရက်အတွင်း စစ်ဆေးရေးများ နည်းပါးခဲ့သော်လည်း ဧပြီလ ၃ ရက်နေ့မှစတင်ပြီး စစ်ကိုင်းမြို့ပေါ်တွင် ပျူစောထီးနှင့်ပြည်သူ့စစ်များက ကယ်ဆယ်ရေးအဖွဲ့များကို စစ်ဆေးမှုများ လုပ် ဆောင်လာကြောင်း သိရှိရသည်။
“မနေ့ မနက်ကဆိုရင် ရန်ကုန်ဘက်က လာတဲ့အဖွဲ့တွေ၊ အဝေးကလာတဲ့ အဖွဲ့တွေတော်တော်များများ ပြန်လှည့်သွားတယ်။ လက်နက် တကားကားနဲ့ စစ် ဆေးတာတွေ မကြိုက်တာရယ်၊ ပြီးတော့ အန္တရာယ်လည်းများလို့ လက်နက်တွေ လည်းကိုင်ထားတယ်၊ ဘယ်လိုအဖွဲ့ အစည်း ဘာမှန်းမသိတဲ့အတွက် တွေ လှည့်ပြန်ကုန်တာ” ဟု ယင်းဖြစ်စဉ်ကို သေချာစွာ သိရှိထားသည့် စစ်ကိုင်းမြို့ ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။
စစ်ကိုင်းမြို့ပေါ်တွင် ကယ်ဆယ်ရေးအဖွဲ့များကို တားဆီးစစ်ဆေးမှုများ လုပ် ဆောင်ရာတွင် မဘသ ဘုန်းကြီးတချို့ ပါဝင်ပြီး ပျူစောထီး၊ ပြည်သူ့စစ်များနှင့်အတူ ဒေသဆိုင်ရာ မီးသတ်၊ ကြက်ခြေနီ၊ ရဲနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များပါ ပါဝင်ကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်ကောင်စီက ငလျင်ဘေး ကူညီကယ်ဆယ်ရေးအဖွဲ့များအနေ ဖြင့် မည်သည့်အဖွဲ့အစည်းမဆို သီးခြားလွတ်လပ်စွာရပ်တည်၍ ဆောင် ရွက်ခွင့်မရှိပဲ ကြိုတင်ခွင့်ပြုချက်တောင်းခံထား သည့် အဖွဲ့အစည်းများဖြစ်ရန်လိုပြီး သက်ဆိုင်ရာတာဝန်ရှိသူများနှင့် အတူတကွ ပူး ပေါင်း ဆောင်ရွက်မှသာခွင့်ပြုပေးသွားမည်ဖြစ်သည်ကို မူဝါဒတစ်ရပ်အနေဖြင့် ဆောင် ရွက်သွားရန်လိုကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များအနေဖြင့်လည်း မိမိတို့သက်ဆိုင်ရာနယ်မြေများသို့ ရောက်ရှိလာသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ NGO အဖွဲ့အစည်းများကို မိမိတို့ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် အတူတကွ ပူး ပေါင်း ဆောင်ရွက်မှသာခွင့်ပြုပေးသွားရန်လိုကြောင်း ဧပြီလ ၅ ရက်နေ့တွင် တရားဝင် သတင်းထုတ်ပြန် ကြေညာသည်။