လေဖိအားနည်းရပ်ဝန်း မုန်တိုင်းဖြစ်လာနိုင်ပြီး ငလျင်ဘေးသင့်ဒေသများအတွက် မိုးသတိပေး

by

in

လေဖိအားနည်းရပ်ဝန်း မုန်တိုင်းဖြစ်လာနိုင်ပြီး ငလျင်ဘေးသင့်ဒေသများအတွက် မိုးသတိပေး
ရောင်နီ
(မဇ္ဈိမ)။ ။ဘင်္ဂလားပင်လယ်အော်တွင် နောက် ၄၈ နာရီအတွင်း လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်လာနိုင်ကြောင်း မိုးဇလက ထုတ်ပြန်ထားပြီး အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် မုန်တိုင်းဖြစ်လာနိုင်ချေမြင့်တက်လာကြောင်း မိုးလေဝသဆိုင်ရာလေ့လာသူဦးဝင်းနိုင်က အသိပေးသည်။
ယနေ့(ဧပြီလ ၆ ရက်) မွန်းလွဲ ၁နာရီခွဲအချိန် တိုင်းထွာချက်အရ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း၌ နောက် ၄၈ နာရီအတွင်း လေဖိအားနည်းရပ်ဝန်း (Low Pressure Area)တခုဖြစ်ပေါ်နိုင်ကြောင်း မိုးဇလက ထုတ်ပြန်ထားသည်။
အဆိုပါ လေဖိအားနည်းရပ်ဝန်းမှတဆင့် မုန်တိုင်းဖြစ်လာနိုင်ချေမြင့်တက်လာပြီး မြန်မာနိုင်ငံတွင် မိုးရွာနိုင်၍ ငလျင်ဘေးသင့်သူများအတွက် အမိုးအကာများစီစဉ်ဆောင်ရွက်သင့်ကြောင်းနှင့် ရုတ်တရက် မိုးများနိုင်မည့်အခြေအနေကြောင့် ရေကြီးနိုင်မည့်အန္တရာယ်ရှိလာနိုင်ကြောင်း ဦးဝင်းနိုင်က လူမှုကွန်ရက်မှတဆင့် အသိပေးထားသည်။
ငလျင်ဘေးကြုံထားသည့် ဒေသမှမြေအောက်မြေထုလွှာသည် မိုးရွာပါက မြေပြို၊မြေကျွံနိုင်သည့် အခြေအနေများကို ကြိုတင်ထည့်သွင်းစဉ်းစားရန် ဦးဝင်းနိုင်က အကြံပြုထားသည်။
လာမည့် နှစ်ရက်အတွင်း မိုးရွာနိုင်ကြောင်း မိုးဇလဌာနက သတိပေးထားသည့်ဒေသများတွင် ငလျင် ဘေးဒဏ်ကြုံတွေ့ခဲ့ရသည့် နေပြည်တော်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ပဲခူးတိုင်း၊ ရှမ်းပြည်နယ်တို့ ပါဝင်နေသည်။ အဆိုပါဒေသများအပြင် ရန်ကုန်တိုင်း၊မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်တို့တွင် နေရာကျဲကျဲမှနေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးဇလဌာနကသတင်းထုတ်ပြန်ထားသည်။ ထို့အပြင် ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်နေပြီး မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းတို့ဖြစ်နိုင်၍ ကြိုတင်သတိပြုရန် မိုးဇလဌာနကသတိပေးထားသည်။
ယမန်နေ့ ညက မန္တလေးမြို့နှင့်စစ်ကိုင်းမြို့တွင် မိုးရွာသွန်းမှုနှင့်အတူ လေပြင်းတိုက်ခတ်မှုများကြောင့် ငလျင်ဘေးသင့်ပြည်သူများ အခက်အခဲကြုံတွေ့ခဲ့ရသည်။
“ မနေ့က မိုးလေကျတဲ့အခါမှာ မန်းလေးမှာ ကွင်းပြင်နဲ့ ကျုံးဘေးနေသူအများအပြား နေစရာထိုင်ခင်း နေလို့မရတော့ဘဲဒုက္ခအများရောက်ကြရတယ်။ မိုးရေများတာကြောင့် နေစရာမရှိတော့လောက်အောင်ကို ဒုက္ခရောက်ခဲ့ရပါတယ်” ဟုမန္တလေးဒေသခံတဦးက ပြောသည်။
ထိုအပြင် ကယ်ဆယ်ရေးအဖွဲ့များလည်း အခက်အခဲကြုံတွေ့ခဲ့ပြီး မိုးရွာပြီးသည့်နောက်ပိုင်း ကြုံတွေ့ရနိုင်သည့်ကျန်းမာရေးပြဿနာများကို ဘေးသင့်သူများကစိုးရိမ်နေသည်။
ငလျင်ဘေးသင့်ဒေသများတွင် လက်ရှိရာသီဥတုအခြေအနေအရ ယာယီတဲအိမ်များ၊အမိုးအကာများလိုအပ်နေကြောင်း ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူများက ဆိုသည်။
” ပြည်သူအချင်းချင်းလည်းကူညီပေးကြပါ။ ထောက်ပံ့ကူညီရေးပစ္စည်းတွေမှာလည်း အမိုးအကာနဲ့ ရေရှည်ထားလို့ရမယ့်အစားအသောက်တွေ လိုအပ်ပါမယ်။ အိမ်သုံးဆေးဝါးတွေလည်း ကူညီပေးကြပါ” ဟု စစ်ကိုင်းမြို့ခံတဦးကပြောသည်။
ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့ မွန်းလွဲပိုင်းက မန္တလေးမြို့ကိုဗဟိုပြု၍ လှုပ်ခတ်ခဲ့သည့် ရစ်ခ်တာစ ကေး ၇ဒသမ၇ အဆင့်အင်အားပြင်းငလျင်ကြီးကြောင့် ဧပြီလ ၅ ရက်နေ့အထိ သေဆုံးသူ ၃,၄၅၅ ဦး၊ ထိခိုက်ဒဏ်ရာရသူ ၄,၈၀၀ ကျော်နှင့် ပျောက်ဆုံးနေသူ ၂၁၄ ဦးရှိကြောင်းလည်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။
လက်ရှိ၌လည်း ငလျင်ဒဏ်သင့်ဒေသများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေရဆဲဖြစ်ပြီး နောက်ဆက်တွဲငလျင်ဒဏ်များကြောင့် ဒေသခံအများစု လမ်းမများပေါ်တွင် နေ့ရောညပါနေထိုင်ရဆဲဖြစ်သည်။
စာတည်း – အေးချမ်း
ပုံအညွှန်း – ယမန်နေ့(ဧပြီလ ၅ရက်နေ့) ညပိုင်းက ငလျင်ဒဏ်သင့်မန္တလေးမြို့၌ မိုးရွာသွန်းနေစဉ်။