“မြို့က တမြို့လုံးနီးပါး နံနေတာပဲ။ လူပိတဲ့နေရာတွေ မှန်သမျှနံတယ်” – စစ်ကိုင်း ကယ်ဆယ်ရေး လုပ်သား

by

in

ငလျင်ဒဏ် အများဆုံးခံရပြီး လူအသေအပျောက်များတဲ့ မြို့တွေထဲက တခုဖြစ်တဲ့ စစ်ကိုင်းမြို့မှာ ဧပြီ ၅ ရက်ညက ရွာသွန်းတဲ့မိုးကြောင့် အပုပ်နံ့တွေ ထွက်လာပြီး ကျန်မားရေး အကူအညီ လိုအပ်နေတယ်လို့ ဒေသခံတွေက DVB ကို ပြောပါတယ်။

မြို့ထဲကလူပိတဲ့နေရာတွေနဲ့ စစ်ကိုင်းတောင်ဘက်က ရှင်းဖို့ကျန်နေတဲ့ နေရာတွေကနေ အပုပ်နံ့တွေ ထွက်လာတာဖြစ်ပြီး ကူညီကယ်ဆယ်ရေးတွေ လုပ်နေတဲ့အတွက် စိုးရိမ်စရာအနေအထားတော့ မရှိသေးဘူးလို့ လက်ရှိ ဆွမ်းဦးပုညရှင်ဘက်မှာ ကယ်ဆယ်ရေးလုပ်နေတဲ့သူတွေက ပြောပါတယ်။

စစ်ကိုင်းမြို့မှာ ကယ်ဆယ်ရေးလုပ်နေသူတယောက်က “မြို့က တမြို့လုံးနီးပါး နံနေတာပဲ။ လူပိတဲ့နေရာတွေ မှန်သမျှ နံတယ်။ အခု ကျနော်တို့ ပုညရှင်မှာလည်း အနံ့လေး နည်းနည်းထွက်လာတာပဲ၊ ဆိုးဆိုးဝါးဝါးကြီးတော့ လုံးဝမဖြစ်သေးဘူး။ မိုးက ရေရှည်ကြီးများ သွားရင်တော့ တမျိုး၊ အခုက ခဏလေးရွာလိုက်တာဆိုတော့ လုပ်ရကိုင်ရတာတော့ ကျပ်တည်းသွားတာပေါ့ဗျာ။ မြို့ပေါ်မှာတော့ အဓိက လမ်းတွေမပွင့်သေးဘူး၊ အဆောက်အအုံတွေ ဟိုဟာလုပ်နေတာဆိုတော့ လမ်းကောင်းကောင်း ဟိုဟာပြုလို့ မရသေးဘူး၊ အားလုံးက ပြုံပြီးတော့ ရှင်းနေကြတာဆိုတော့ လမ်းတွေက ဟိုက ကွင်းလိုက်၊ ဒီကကွင်းလိုက်နဲ့ လမ်းသွားရတာတော့ ကျပ်တယ်ဗျ။” လို့ ပြောပါတယ်။

မိုးရွာတာကြောင့် အပုပ်အနံ့တွေ ထွက်လာပြီးနောက် ဒေသခံတွေဟာ ဝမ်းရောဂါအတွက် စိုးရိမ်နေကြပါတယ်။ အိမ်သာ မလောက်တာတွေနဲ့ မိုးကြောင့် မြစ်ရေတွေ နောက်လာပြီး ရေသန့် မရနိုင်တာတွေကြောင့် ကျန်းမာရေးနဲ့ပတ်သက်တဲ့ စောင့်ရှောက်မှုတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းမြို့ဒေသခံတယောက်က “မနေ့က မိုးရွာလိုက်တော့ လူတွေက လတ်တလော လမ်းပေါ်မှာ အိပ်ကြရတာ အကုန်လုံးတော့ မိုးစိုတာပေါ့။ အိမ်ထဲတွေ ဝင်အိပ်လို့ မရဘူးလေ၊ အကုန်လုံးက ပြိုပျက်နေတော့။ လာလှူထားတဲ့ မိုးကာလေးတွေ ကာပြီးတော့ အိပ်ကြရတာပေါ့ဗျ။ အခုက မိုးက တိတ်သွားပြီ၊ မိုးလေ၀သအခြေအနေကတော့ ဒီနေ့ တနေကုန်ရွာမယ့် ပုံစံရှိတယ်ဗျ။ ကျနော်တို့ သောက်ရေသန့်တွေကတော့ ရပြီ၊ ချိုးရေကတော့ မြစ်ရေက လာတာဆိုတော့ မြစ်ရေက နောက်နေတော့ ဒါတွေက ချက်ပြုတ်စားသောက်မိရင်၊ တခုခုလုပ်မိရင် ဒါ ဝမ်းရောဂါ ဖြစ်လာနိုင်တယ်။ နောက်တခုက ကျနော်တို့က အများသုံးအိမ်သာ လုံး၀မရှိဘူး၊ အိမ်တွေကပြို သွားတော့ အိမ်သာတက်ဖို့ အခက်အခဲရှိလာတယ်” လို့ ပြောပါတယ်။

နွေကာလမှာ နေ့အပူချိန် များလာလို့ အပူပျံတက်တိမ်တွေကြောင့် မွန်းလွဲနဲ့ ညနေတို့မှာ မိုးတိမ်တောင်တွေ ဖြစ်နိုင်ပြီး ရွေ့လျားရာလမ်းတလျှောက်မှာ လေပြင်းတိုက်တာ၊ မိုးရွာတာ၊ မိုးကြိုးပစ်တာ၊ မိုးသီးကြွေတာ စတာတွေ ဖြစ်တတ်တယ်လို့ မိုးလေဝသဌာနက ထုတ်ပြန်ထားပါတယ်။

ဧပြီပထမပတ်အတွင်း ရန်ကုန်၊ ဧရာဝတီနဲ့ တနင်္သာရီတိုင်း၊ ကချင်၊ ကယား၊ ကရင်၊ မွန်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့ အရှေ့ပိုင်းတို့မှာ ၄ ရက်ကနေ ၈ ရက်လောက်အထိ မိုးထစ်ချုန်းရွာနိုင်တယ်လို့ ဆိုထားပါတယ်။

မောရစ်