စစ်ကောင်စီရဲ့ လူဖမ်းပွဲတွေ တနေ့တခြား ကြမ်းလာတဲ့ ပဲခူးအနောက်ခြမ်း

by

in

စစ်ကောင်စီရဲ့ လူဖမ်းပွဲတွေ တနေ့တခြား ကြမ်းလာတဲ့ ပဲခူးအနောက်ခြမ်း
ဩဂုတ် ၂၉၊ ၂၀၂၄

စစ်ကောင်စီဟာ သူတို့ရဲ့ လျော့နည်းလာတဲ့ စစ်အင်အားကို ဖြည့်တင်းဖို့အတွက် အသက်ပြည့်ပြီးသူတိုင်း စစ်မှုထမ်းရမယ်ဆိုတဲ့ ဥပဒေကို ထုတ်ပြန်ပြီးတဲ့နောက်မှာ အသက်ပြည့်ပြီး လူငယ်တွေကို အတင်းအဓမ္မပေါ်တာဆွဲ ဖမ်းဆီးမှုတွေရှိနေပါတယ်။ ဒါတွေဟာ တနေ့တခြား ပိုမိုးဆိုးဝါး လာနေပါတယ်။
ဒီလို ဥပဒေမဲ့လုပ်ရပ်တွေဟာ ပဲခူးတိုင်းအနောက်ခြမ်းမြို့နယ်တွေဖြစ်တဲ့ ပေါင်းတလည်၊ ပေါက်ခေါင်း၊ သာယာဝတီ၊ မင်းလှ၊ လက်ပံတန်း၊ နတ်တလင်း၊ ဇီးကုန်း၊ အုတ်ဖို စတဲ့ မြို့နယ်တွေက ကျေးရွာတွေမှာ အများဆုံးဖြစ်နေပြီး လူငယ်တွေ အလုပ်သွားအလုပ်ပြန် လမ်းတွေမှာ စောင့်ဖမ်းတာတွေအပြင် နေ့ခင်းဘက်တွေပါ ပြည်သူနေအိမ်ထဲထိ ဝင်ရောက်ကာ ပေါ်တာဆွဲ လူစုဆောင်းမှုတွေ ဖြစ်ပေါ်နေပါတယ်။
“အင်းရွာပန်းကန်စက်က ကရင်လေးသုံးယောက် စခတွေ ခုမနက် (ဩဂုတ် ၂၉) ပေါ်တာဆွဲလို့ ပါသွားတယ်။ ပေါ်တာတွေက နေရာတိုင်းကို ဆွဲနေတာပဲ။ ကားဂိတ်တွေရော၊ သူတို့ စစ်ဆေးရေးဂိတ်တွေရော၊ ရွာလမ်းဆုံလိုနေရာမျိုးတွေ၊ ခုဖြစ်သွားတာဆို ဘူတာပေါ့.. အင်းရွာ ဘူတာ အဲ့လိုနေရမှာလည်း ဆွဲပါတယ်။ အနေအထားကြည့်လိုက်လို့ အားကောင်းမောင်းသန်တွေဆိုရင် အသက်ပြည့်ပြည့်မပြည့်ပြည့်၊ အိုအို မအိုအို ပေါ်တာဆွဲခံထိနေတာပါ။ ကျနော်တို့ မြို့တွေမှာ တဖြေးဖြေးနဲ့ အပြင်ထွက်တဲ့သူတွေလည်း မရှိတာ့ဘူး။ ပေါ်တာဆွဲတာကို ကြောက်တာပေါ့နော်။” အမည်မဖော်လိုတဲ့ သာယာဝတီ ဒေသခံတစ်ယောက်က မောင်းကို ပြောပါတယ်။
ဇီးကုန်းနဲ့ အုတ်ဖိုမြို့မှာဆိုရင်လည်း စစ်မှုထမ်းဖို့အတွက် အတင်းအဓမ္မ လူစုဆောင်းမှုတွေဟာ တနေ့တခြား ပိုမိုများပြားလာပြီး စစ်တပ်ထောက်ခံသူတွေနဲ့ ကြံဖွတ်ပါတီဝင်တွေရဲ့ မိသားစုတွေကိုပါ စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးမှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
အုတ်ဖိုမြို့နယ်က ပေါ်တာဆွဲခံရသူဟာ ဩဂုတ်လ ၂၂ရက်နေ့နဲ့ ၂၃ ရက်နေ့၊ (၂) ရက်တာအတွင်းမှာ အယောက် ၂၀ ရှိကာ ဇီးကုန်းမှာတော့ အယောက် ၂၀ ကျော်ထိရှိနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၂၂ ရက်နေ့ကလည်း ပြည်မြို့နယ်၊ မြို့သစ်ရပ်ကွက် (၃) လမ်းမှာ နေထိုင်တဲ့ အသက် ၁၃ နှစ်အရွယ် ၇ တန်းကျောင်းသား မောင်ဝင်းကိုကို အပါအဝင် ကျောင်းသားတချို့ကို တပ်သားသစ်အဖြစ် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးသွားတယ်လို့လည်း သိရပါတယ်။
အလားတူ သာယာဝတီခရိုင်ထဲက လက်ပံတန်းမြို့မှာလည်း စစ်ကောင်စီက စစ်မှုထမ်းဖို့အတွက်ဆိုပြီး ဩဂုတ်လ ၁၉ ရက်နေ့ တစ်ရက်အတွင်း လူငယ် ၄၀ ကျော်ကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
(ပုံဟောင်းကို အသုံးပြုထားပါတယ်)