ရန်ကုန်မှာ တာမွေမြို့မရဲစခန်း လက်ပစ်ဗုံးပစ်သွင်းတိုက်ခိုက်ခံရပြီး ရဲ ၃ယောက်သေ

by

in

ရန်ကုန်မှာ တာမွေမြို့မရဲစခန်း လက်ပစ်ဗုံးပစ်သွင်းတိုက်ခိုက်ခံရပြီး ရဲ ၃ယောက်သေ
သြဂုတ် ၂၉၊ ၂၀၂၄
ရန်ကုန်တိုင်း၊ တာမွေမြို့နယ်မှာ တာမွေမြို့မရဲစခန်း လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီး စခန်းထဲမှာရှိနေတဲ့ ရဲ၃ယောက် သေဆုံးသွားကြောင်း သိရပါတယ်။
သြဂုတ်လ ၂၈ရက်၊ မနေ့က နေ့လည်ပိုင်းမှာ တာမွေမြို့နယ်၊ ဗညားဒလမ်းမပေါ်က တာမွေမြို့မရဲခစန်းကို Anonymous Force (ရန်ကုန်စစ်ဒေသခွဲ-PRF) ရဲဘော်တွေက လက်ပစ်ဗုံး ပစ်သွင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
“ဟုတ်တယ်ဗျ မွန်းလွဲ ၂နာရီ မိနစ်၄၀ လောက်မှာ လက်ပစ်ဗုံးပစ်သွင်းတိုက်ခိုက်ခဲ့တာပါ။ ၁လုံးပဲသုံးခဲ့တယ်ခင်ဗျ။ မြို့ထဲဖြစ်နေလို့ အတော်လေးတော့ကြိုးစားခဲ့ရပါတယ်။ ရဲ ၂ ယောက်နေရာတင် ပွဲချင်းပြီးသေပြီး ကျန်တဲ့ ၁ယောက်ကတော့ ဒဏ်ရာအပြင်းအထန်ရပြီးမှ သေတယ်လို့သိရတယ်။ ဗုံးပေါက်ပေါက်ချင်း အသံစကြားကြတော့ အကုန်လုံးကြောင်သွားတဲ့သဘောမှာတော့ရှိတယ်။ မကြာဘူး။ အဲ့နားပတ်ချာလည်မှာ စစ်ဆေးတာတွေနဲ့ လူနာတင်ယာဉ်တွေရောက်လာပြီး စခန်းထဲက သေနေတာတွေ ခေါ်ထုတ်သွားတာပါပဲ။”လို့ ပြည်သူ့တော်လှန်ရေးအင်အားစု-PRF တာဝန်ခံ ရဲဘော်မြတ်ကျော်က မောင်းကိုပြောပါတယ်။
စစ်​ကောင်စီရဲ့ အကျိုးစီးပွားကိုကာကွယ်ရင်း အရပ်သားပြည်သူတွေကို ဖိနှိပ်နေတဲ့ တာမွေရဲစခန်းကို Anonymous Force (ရန်ကုန်စစ်ဒေသခွဲ-PRF) ရဲဘော်တွေက ” Cheetah Operation” ရဲ့တစ်စိတ်တစ်ပိုင်းအဖြစ် အခုလို ဗုံးခွဲတိုက်ခိုက်ခဲ့တာလို့လည်း ပြည်သူ့တော်လှန်ရေးအင်အားစု-PRF က ထုတ်ပြန်ပါတယ်။
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလက စတင်ခဲ့တဲ့ “Cheetah Operation” အနေနဲ့ အကြိမ် ၄၀ ကျော်အထိ အောင်မြင်အောင်လုပ်ဆောင်ထားနိုင်ပြီး လက်ရှိမှာ Operation အပိုင်း ၂ အဖြစ် ဆက်လက်လုပ်ဆောင်နေတယ်လို့လည်း ရဲဘော်မြတ်ကျော်က ပြောပါတယ်။
” Operation လုပ်ဆောင်ရင်း ကိုယ့်ဘက်က ထိခိုက်ကျရှုံးသွားတာတွေလည်းအများကြီးရှိပါတယ်။ မြို့ထဲမှာပဲ သတင်းပေါ်မရောက်ဘဲ ပျောက်သွားတာတွေမျိုးပေါ့။ အခုချီတာစစ်ဆင်ရေး အပိုင်း၂ မှာတော့ စစ်အုပ်ချုပ်ရေးအပိုင်းနဲ့ စစ်အုပ်စုကို အဓိက ထားဖြိုဖျက်သွားကြမှာပါ။ အပိုင်း ၁၊ ၁၈ လ၊ ကာလတုန်းက လိုအပ်ချက်တွေကို ပြန်လည်သုံးသပ်ပြီး အားနည်းချက်တွေ ဖြည့်ရင်းနဲ့ အရှိန်ပြန်မြှင့်မှာပေါ့” လို့ ပြည်သူ့တော်လှန်ရေးအင်အားစု-PRF တာဝန်ခံ ရဲဘော်မြတ်ကျော်က မောင်းကို ပြောခဲ့ပါတယ်။