သံတွဲရှိ နောက်ဆုံးလက်ကျန် မောင်ရွှေလေး ရေတပ်စခန်းကို AA သိမ်းပိုက်

by

in

သံတွဲရှိ နောက်ဆုံးလက်ကျန် မောင်ရွှေလေး ရေတပ်စခန်းကို AA သိမ်းပိုက်

မဇ္ဈိမ

ရခိုင်ပြည်နယ်၊ သံတွဲမြို့ရှိ စစ်ကောင်စီတပ်၏ နောက်ဆုံးလက်ကျန် မောင်ရွှေလေး ရေတပ်စခန်းကို အာရက္ခတပ်တော် (AA) က အပြီးတိုင် တိုက်ခိုက်သိမ်းပိုက်လိုက်နိုင်ပြီဟု AA နှင့် နီးစပ်သူ ယုံကြည်ရသည့် သတင်းရင်းမြစ်က မဇ္ဈိမကို ပြောသည်။

“သိမ်းလိုက်တာ ဟုတ်ပါတယ်၊ စစ်ရေးအခြေအနေအရ မကြေညာသေးတာ” ဟု AA နှင့် နီးစပ်သည့် သတင်းရင်းမြစ်က ပြောသည်။

“မြန်မာစစ်တပ်ဘက်က ရေတပ်မှာရှိသူတွေက အလံဖြူထောင်ထွက်ပြေး” ဟု အထက်ပါ သတင်းရင်းမြစ်က ဆက်ပြောသည်။

လက်ကျန်တပ်စခန်းကို သိမ်းပိုက်လိုက်နိုင်သည့်အတွက် သံတွဲမြို့နယ်တခုလုံး အာရက္ခတပ်တော် (AA) လက်ထဲသို့ ရောက်ရှိသွားခြင်း ဖြစ်သည်။ သံတွဲတိုက်ပွဲသည် အခြားမြို့သိမ်းတိုက်ပွဲများထက် ပိုမိုပြင်းထန်ပြီး ခက်ခဲခဲ့ကြောင်း အစောပိုင်းတွင် AA က ပြောဆိုထားသည်။

သံတွဲမြို့နှင့်ကပ်လျက်ရှိသော ကျိန္တလီ၊ မောင်ရွှေလေး၊ ကွင်းဝိုင်း အစရှိသော နေရာများတွင်တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက်က ကြည်း၊ ရေ၊ လေ စုပေါင်းကာ ပြန်လည်ခုခံနေသည့်အတွက် တိုက်ပွဲများ ပိုမိုပြင်းထန်နေကြောင်းလည်း ဩဂုတ်လ ၂၅ ရက်နေ့ထုတ်ပြန်သည့် AA ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီတပ်သည် စစ်သင်္ဘော ရှစ်စီးဖြင့် ရေကြောင်းမှ တိုက်ပွဲဖြစ်ပွားရာနေရာများသို့ လက်နက်၊ လူအင်အား ဖြည့်တင်းနေခြင်း၊ စစ်သင်္ဘောများပေါ်မှ လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်တိုက်ခိုက်နေကြောင်းလည်း AA က ဆိုသည်။

ယခုမောင်ရွှေလေးရေတပ်စခန်းကို သိမ်းပိုက်ရရှိမှုနှင့် ပတ်သက်ပြီး အာရက္ခတပ်တော် (AA) ကို မဇ္ဈိမက ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်သည်။

“ရေတပ်စခန်းကနေ ဖမ်းမိထားတဲ့ သုံ့ပန်းတွေကတော့ များတယ်” ဟု AA နှင့် နီးစပ်သည့် အထက်ပါသတင်းရင်းမြစ်က ဆက်ပြောသည်။

လက်ရှိမှာ အာရက္ခတပ်တော် (AA) သည် ရခိုင်ပြည်နယ်ရှိ မြို့အများစုကို သိမ်းပိုက်ထားပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရှိရာ အမ်းမြို့နှင့် တောင်ဂုတ်မြို့၊ ဂွမြို့၊ မောင်တောမြို့တို့တွင် မြို့သိမ်းတိုက်ပွဲများ ပြင်းထန်နေသည်။

“မြို့လောက်ပါပဲ၊ နယ်ဖက်တွေကို ထိန်းထားပြီးပြီ၊ မြို့ထဲကို ဘယ်အချိန်မဆို ဝင်တိုက်နိုင်တဲ့သဘော” ဟု မြေပြင်အခြေအနေကို သိရှိသည့် အထက်ပါ သတင်းရင်းမြစ်က ဆိုသည်။

အာရက္ခတပ်တော်အနေဖြင့် ယခင်စစ်ရေးရည်မှန်းချက်အတိုင်း အာရက္ခဒေသအတွင်း လက်ကျန်မြို့များကို မြို့သိမ်းတိုက်ပွဲဆင်နွှဲရင်း လက်နက်ချအညံ့မခံဘဲ ခုခံနေသည့်စခန်းတိုင်းကို ဆက်လက်တိုက်ခိုက်သွားမည်ဟု ကြေညာထားသည်။

စာတည်း။ ။ နောင်နောင်

စစ်သင်္ဘောများက စစ်သား အလောင်းများနှင့် ဒဏ်ရာရသူများကို တင်ဆောင်ပြီး စစ်တွေဘက်သို့ ထွက်ပြေး
ရန်ကုန်၊ ဩဂုတ် ၂၉
ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ မောင်ရွှေလေးရေတပ်ကို AA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ပြီး စစ်သင်္ဘောများက စစ်သားအလောင်းများနှင့် ဒဏ်ရာရသူများကို တင်ဆောင်ပြီး စစ်တွေဘက်သို့ ထွက်ပြေးသွားကြောင်း စစ်ကောင်စီ၏ ရေတပ်သတင်းရင်းမြစ်က အတည်ပြု ပြောဆိုသည်။
ဩဂုတ် ၂၈ ရက်နေ့ ညနေပိုင်းတွင် AA က မောင်ရွှေလေးရေတပ်ကို တိုက်ခိုက်သိမ်းပိုက်ရရှိသွားခြင်းဖြစ်ကြောင်း၊ ဩဂုတ်လ ၂၅ ရက်နေ့တွင် သံတွဲမြို့နယ်၊ မောင်ရွှေလေး ရေတပ်စခန်းကို AA က ဝင်ရောက်တိုက်ခိုက်ခဲ့ ခြင်းဖြစ် ကြောင်း၊ ရေတပ်စခန်းမှ စစ်သင်္ဘောများစုဖွဲ့ပြီး ထွက်ပြေးသွားပြီး စစ်သားအလောင်းများနှင့်ဒဏ်ရာရသူများကိုလည်းသယ်ယူသွားကြောင်း၊ လတ်တ လော သတင်းပေးပို့ချက်များအရ ကနဦး မောင်ရွှေလေးရေတပ်မှ တပ်သား ၂၀ ဦးထက်မနည်းသေဆုံးသည်ဟု သတင်းများရရှိထားပြီး ပျောက်ဆုံးနေသူ အများ အပြားလည်းရှိနေကြောင်း၊ သေဆုံးထိခိုက်စာရင်း အတိအကျ မရရှိသေးကြောင်း တပ်သတင်းရင်းမြစ်က ဆိုသည်။
” မောင်ရွှေလေး ဆို့အောက်သွားပြီ။ အလောင်းနဲ့ ဒဏ်ရာရသူတွေကို ရေယာဉ်နဲ့ စစ်တွေကိုသယ်သွားပြီ။ စစ်သင်္ဘောတွေတော့ ကျန်သေးတယ်၊ရမ်းပစ်နေသေးတယ်၊ စစ်သင်္ဘောတွေကကမ်းခြေက ၁၀မိုင်အကွာကနေ မောင်ရွှေလေးရေတပ်စခန်းကို လှမ်းပစ်နေတာ”ဟု တပ်သတင်းရင်းမြစ်က ပြောဆိုသည်။
သေဆုံးသူများအနေဖြင့် ဩဂုတ်လ ၂၈ ရက်နေ့ တိုက်ပွဲတစ်ခုတည်းတွင်ပင် မောင်ရွှေလေးရေတပ်ဘက်မှ သေဆုံးသူ ၂၀ ဦးထက်မနည်းရှိနေခြင်းဖြစ်ပြီး တိုက်ပွဲကာလတစ်လျှောက်လုံးတွင် ရေတပ်ဘက်မှ သေဆုံးသည့်အရေအတွက် ပိုမိုများပြားကြောင်း သိရှိရသည်။
သံတွဲမြို့နယ်၊ မောင်ရွှေလေး ရေတပ်တွင် တာဝန်ကျနေသည့် ရေတပ်တပ်ဖွဲ့ဝင်များမှာ ဗိုလ်တထောင်သံလျက်စွန်းရေတပ်မှ ဖြစ်ပြီး သေဆုံးသူများမှာလည်း ရန်ကုန်မှ ရခိုင်သို့ ပို့ဆောင်ခံရသည့် ရေတပ် တပ်ဖွဲ့ဝင်များဖြစ်ကြောင်း၊ ဩဂုတ်လ ၂၆ ရက်နေ့ တိုက်ပွဲတွင် DSA အပတ်စဉ် ၄၆ ကျောင်းဆင်း ဗိုလ်မှူး ဖြိုးမောင်မောင် အပါအဝင် ရေတပ်သားအများအပြား သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။
ဓာတ်ပုံ- ယခုနှစ် ဖေဖော်ဝါရီလအတွင်း AA က တိုက်ခိုက်သိမ်းပိုက်ခဲ့သော စစ်သင်္ဘော ၁ စီး။ (ပုံအဟောင်းဖြစ်ပါသည်။)