ရန်ကုန်တိုင်းအတွင်းရှိ လူငယ် အလုပ်သမားများစာရင်းကို ဩဂုတ်လ ၃၀ ရက်နေ့ နောက်ဆုံးထားပေးပို့ရန် စစ်ကောင်စီက ထပ်မံ တောင်းခံနေပြီး စစ်မှုထမ်းရန် လိုအပ်သည့် လူအင်အား စုဆောင်းရန်အတွက်ဟုဆို

by

in

ရန်ကုန်တိုင်းအတွင်းရှိ လူငယ် အလုပ်သမားများစာရင်းကို ဩဂုတ်လ ၃၀ ရက်နေ့ နောက်ဆုံးထားပေးပို့ရန် စစ်ကောင်စီက ထပ်မံ တောင်းခံနေပြီး စစ်မှုထမ်းရန် လိုအပ်သည့် လူအင်အား စုဆောင်းရန်အတွက်ဟုဆို
ရန်ကုန်၊ ဩဂုတ် ၂၉

ရန်ကုန်တိုင်းအတွင်းရှိ စက်မှုဇုန်များမှ လူငယ်အလုပ် သမားများစာရင်းကို ဩဂုတ်လ ၃၀ ရက်နေ့ နောက်ဆုံးထားပေးပို့ရန် စစ်ကောင်စီက ထပ်မံ တောင်း ခံနေကြောင်း သိရှိရသည်။
ရန်ကုန်တိုင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက မြို့နယ်အလုပ်သမားညွှန်ကြားမှုဦးစီးဌာနနှင့် မြို့နယ်လ၀က ဦးစီးဌာနများထံသို့ စက်မှုဇုန်များရှိ အလုပ်သမားအရေအတွက်ကို စက်ရုံတစ်ခုချင်းစီအလိုက် စာရင်းဖြင့် အမြန်ဆုံးတင်ပြရန် ညွှန်ကြားခြင်းဖြစ်ကြောင်း၊ အလုပ်သမားများစာရင်းကို ဩ ဂုတ်လ ၃၀ ရက်နေ့နောက်ဆုံးပေးပို့ရန် ညွှန်ကြားထားပြီး အဓိကအားဖြင့် စစ်မှု ထမ်းရန် လိုအပ်နေသည့် လူအင်အားကို စုဆောင်းရန် လူအင်အားစာရင်းတောင်းခံနေခြင်းဖြစ်ကြောင်း သိရှိရသည်။
စစ်ကောင်စီ၏ ညွှန်ကြားစာတွင် သန်းခေါင်စာရင်းနှင့် အိမ်အကြောင်းအရာ ကောက်ယူရေး လုပ်ငန်းများဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေရန်အတွက်ဟု ဖော်ပြထားသော်လည်း ယခုကဲ့သို့ အလုပ်သမားစာရင်း ကောက်ခံမှုမှာ ဒုတိယအကြိမ်ဖြစ်ကြောင်း၊ ပထမအကြိမ်က UMFCCI နှင့် ပူးပေါင်း၍ လူငယ် အလုပ်သမားစာရင်းကို ကောက်ခံခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင် မကြာသေးမီကလည်း ရန်ကုန်တိုင်းအတွင်းရှိ စက်မှုဇုန်များနှင့် စက်မှုဇုန် ပြင်ပရှိ စက်ရုံ၊ အလုပ်ရုံ၊ စီးပွားရေးလုပ်ငန်းများတွင် အလုပ်လုပ်ကိုင်နေကြသည့် လူငယ် အလုပ်သမားစာရင်းကို ကောက်ခံပေးရန် UMFCCI ကို စစ်ကောင်စီက လျှို့ဝှက်ညွှန်ကြားခဲ့ပြီး အလုပ် သမားဝန်ကြီးဌာနနှင့် UMCCI တို့ က ပူးပေါင်း စာရင်းကောက်ယူလျက်ရှိကာ အလုပ်သမား စာရင်းများကို စစ်ကောင်စီထံတိုက်ရိုက်ပေးပို့ခဲ့ကြောင်း သိရှိရသည်။
အလုပ်သမားဝန်ကြီးဌာနနှင့် UMFCCI က လူငယ် အလုပ်သမားစာရင်း ကောက်ယူရာတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား ၊ အလုပ်သမား မှတ်ပုံတင်ကတ်ပြား မရှိသည့် အလုပ်သမားများကို မှတ်ပုံတင်ရန်ဟု အကြောင်းပြကာ စာရင်းကောက်ယူနေကြောင်း၊ အမှန်တကယ်မှာ စစ်ကောင်စီက အလုပ်သမားစာရင်းများ ပြုစုပေးပို့ ရန် လျှို့ဝှက် ညွှန်ကြားချက်အရ UMFCCI မှ အထွေ ထွေအတွင်းရေးမှူးချုပ် အထည်ချုပ်လုပ်ငန်းရှင် ဒေါ်ခိုင်ခိုင်နွယ်က ဦးစီးဆောင်ရွက်ကောက်ခံခဲ့ကြောင်း၊ ညီနောင်အသင်းအဖွဲ့များ၊ စက်မှုဇုန်ကော်မတီများ၏ အကူအညီဖြင့် အလုပ်သမားစာရင်းကောက်ယူခဲ့ကြောင်း သိရှိရသည်။