စစ်ကိုင်းမြို့အနီးသို့ ဗဟိုပြု၍ ပြင်းအား ၄ ဒသမ ၁ အဆင့်ရှိ မြေငလျင် လှုပ်ခတ်ဟု USGS က သတင်းထုတ်ပြန်

by

in

စစ်ကိုင်းမြို့အနီးသို့ ဗဟိုပြု၍ ပြင်းအား ၄ ဒသမ ၁ အဆင့်ရှိ မြေငလျင် လှုပ်ခတ်ဟု USGS က သတင်းထုတ်ပြန်
ရန်ကုန်၊ ဧပြီ ၁

စစ်ကိုင်းမြို့အနီးသို့ ဗဟိုပြု၍ ပြင်းအား ၄ ဒသမ ၁ အဆင့်ရှိ မြေငလျင် လှုပ်ခတ်သွားကြောင်း အမေရိကန်ဘူမိဗေဒ ငလျင်စောင့်ကြည့်ရေးအဖွဲ့ -USGS က သတင်းထုတ်ပြန်သည်။
ယနေ့ ဧပြီလ ၁ ရက်နေ့ မြန်မာစံတော်ချိန် နံနက် ၁ နာရီ ၄၁ မိနစ်အချိန်တွင် ယင်းကဲ့သို့ မြေငလျင်လှုပ်ခတ်သွားခြင်းဖြစ်ပြီး စစ်ကိုင်းမြို့အနောက်မြောက်ဘက် ၄ ကီလိုမီတာ အကွာကို ဗဟိုပြု၍ မြေငလျင် လှုပ်ခတ်သွားခြင်းဖြစ်ကြောင်း သိရှိရသည်။
“ငလျင်လှုပ်တာ တော်တော်ကြမ်းတယ်။ ကျနော်တို့ အိမ်အပြင်မှာ ခြင်ထောင်ထောင်ပြီး ထွက်အိပ်နေတာ။ အားလုံး လန့်နိုးကုန်ကြတယ်။ ၄ ရက်ရှိနေပြီ။ ညတိုင်း ငလျင်က ဖြည်းဖြည်းလှုပ်တာနဲ့ ကြမ်းကြမ်းလှုပ်တာပဲကွာတယ်။ ညတိုင်း လှုပ်နေတာ” ဟု မန္တလေးဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
မတ်လ ၂၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၅၂ မိနစ် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် မန္တလေး၊ နေပြည်တော်၊ စစ်ကိုင်း အပါအဝင် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင် ပျက်စီးဆုံးရှုံးမှုများ များစွာ ဖြစ်ပေါ်နေပြီး လူထောင်ချီ သေဆုံးခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။
ဓာတ်ပုံ- နောက်ဆက်တွဲ ငလျင်များကို စိုးရိမ်၍ လမ်းမများပေါ် ထွက်၍ အိပ်နေရသည့် မန္တလေးမှ ပြည်သူများ။