စဉ့်ကူးမြို့နယ်၊ လက်ပံလှရွာကို စစ်တပ်က ယနေ့ ညနေပိုင်း လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ရွာထဲ၌ မီးလောင်နေပြီး ရွာလုံးကျွတ် ထွက်ပြေးနေရ
ရန်ကုန်၊ မတ် ၃၁
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ လက်ပံလှရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ ညနေပိုင်း လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ရွာထဲ၌ မီးလောင်နေပြီး ရွာလုံးကျွတ် ထွက်ပြေးနေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၃၁ ရက်နေ့ ညနေ ၆ နာရီ ဝန်းကျင်ခန့်တွင် စဉ့်ကူးမြို့နယ်၊ လက်ပံလှရွာကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှုကြောင့် ကျေးရွာအတွင်း မီးလောင်နေပြီး ပြည်သူများလည်း ရွာလုံးကျွတ် ထွက်ပြေးနေရကာ ပြည်သူများ ထိခိုက်မှုရှိမရှိကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။
“လက်ပံလှကို လေယာဉ်နဲ့ ဗုံးကျဲချသွားတယ်။ ၆ နာရီဝန်းကျင်လောက်က ရွာထဲမှာ မီးတွေလည်း လောင်နေတယ်။ လူ အထိအခိုက်တော့ မသိရသေးဘူး။ ပြည်သူတွေက ငလျင်ဘေးနဲ့ စိတ်ဆင်းရဲနေချိန်ကို လေယာဉ်နဲ့ ဗုံးပတ်ကျဲနေတာ” ဟု ဒေသ ပြည်သူ တစ်ဦးက ပြောဆိုသည်။
ဓာတ်ပုံ – ဝက်လက်မြို့နယ် ရှိမ်းမကားကျေးရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ညအချိန် မီးရှို့ဖျက်ဆီးနေစဉ် (ပုံအဟောင်းဖြစ်သည်)
