အမရပူရမြို့နယ်ရှိ လူဦးရေ ၁၀၀၀၀ ကျော် နေထိုင်သော ဘုံးအိုးရွာတွင် မြေငလျင်ကြောင့် ဗလီ ၃ လုံးပြိုကျပြီး အလောင်း ၇၀၀ ကျော် ရရှိခဲ့၊ ငလျင်ဒဏ်သင့် ပြည်သူများအတွက် သောက်သုံးရေလိုအပ်နေ
ရန်ကုန်၊ မတ် ၃၁
မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ ဘုံးအိုးကျေးရွာတွင် မြေငလျင်ကြောင့် ဗလီ ၃ လုံး ပြိုကျပြီး လူသေ အလောင်း ၇၀၀ ကျော်တူးဖော်ရရှိထားကာ ဆက်လက်တူးဖော်ရန်အကူအညီလိုအပ်လျက်ရှိကြောင်း ဒေသနေပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
မတ်လ ၂၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၅၂ မိနစ်အချိန် လှုပ်ခတ်ခဲ့သော မြေငလျင်ဒဏ်ကြောင့် အမရပူရ မြို့နယ်၊ ဘုံးအိုးကျေးရွာရှိ ယက္ကန်းတော် မြောက်ဗလီ ၊ အလယ်ဗလီ ၊ သံပုရာခြံ ဗလီ တို့အတွင်း ပြည်သူများ ဘုရားဝတ်ပြုနေစဉ် ပြိုကျခဲ့ရာ ယနေ့အထိ လူဦးရေ ၇၀၀ ကျော်အလောင်း တွေ့ရှိ ထားပြီး ဆက် လက်တူးဖော်ရှာဖွေနိုင်ရန် အကူအညီများလိုအပ်လျက်ရှိကြောင်း ၊ တူးဖော်ရရှိထား သည့် ရုပ်အလောင်းများကို ကျင်းတစ်ကျင်းလျှင် အလောင်း ၅ လောင်းထည့်ကာ မြှုပ်နှံ သင်္ဂြိုလ်ပေးခဲ့ကြောင်း သိရသည်။
“ဗလီ ၃ လုံးပြိုတယ်။ ၃ လုံးစလုံးက မြေစာပုံလိုဖြစ်သွားတာ။ ၂ လုံးက လူအသေအပျောက် အရမ်း များတယ်။ အခုချိန် အထိ ဖော်နေရတယ်။ ဖော်သလောက်လည်း အလောင်းတွေက ထွက်လာတယ်။ နောက်ဗလီ ၁ လုံးကဆို ရင်အမျိုးသမီးတွေ အရမ်းထွက်လာတယ်။ အမျိုးသားတွေကတော့ ဟိုး အောက်ထဲမှာ အဲဒါတွေ တူးဖော်ဖို့ စက်တွေ လည်းလိုနေတယ်။ ကယ်ဆယ်ရေးတွေ အရမ်းလိုအပ် နေသေးတယ်။ သေဆုံးသူဦးရေ က ၇၀၀ ကျော် သွားပြီ။ သေဆုံးသူ ၇၀၀ ကျော်လုံးက ဗလီတွေထဲမှာ ချည်းပဲတောက်လျှောက်ဖော်နေတာ၊ ရွာထဲမှာ လည်း အနံ့တွေက ထွက်နေပြီ ၊ လူအင်အားမလုံ တော့ ကူညီ ကယ်ဆယ်ရေးတွေက တအားမတွင်ကျယ်ဘူး၊ အဲဒါကြောင့်အမြန်ဆုံး အကူအညီ တွေရစေချင်တယ်။ အလောင်းတွေကလေ အနံ့တွေ ပါတော် တော်ထွက်နေတယ်။ သေဆုံးသူတွေက အရမ်းများတော့ ကျင်းကြီးတွေတူးပြီး လူ ၅ ယောက်စီမြှုပ်နေရတယ်”ဟု ဒေသနေပြည်သူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ငလျင်ဒဏ်သင့်ခဲ့သည့် ဘုံးအိုးကျေးရွာတွင် လူဦးရေ ၁၀၀၀၀ ကျော်နေထိုင်ပြီး ငလျင်ဘေးဒဏ်မှ လွတ်မြောက်လာသူများကို ဘောလုံးကွင်းထဲတွင် ယာယီ တဲထိုးကာ နေရာချပေးထားကြောင်း၊ အရေးပေါ်သောက်သုံးရေ၊ ဆေးဝါးနှင့် အစားအသောက်များ လိုအပ်လျက်ရှိပြီး မိဘပြည်သူများ အနေဖြင့် ဝိုင်းဝန်းကူညီပေးစေလိုကြောင်း မေတ္တာရပ်ခံထားသည်။
အမရပူရမြို့နယ်၊ ဘုံးအိုးကျေးရွာမှ ငလျင်ဒဏ်သင့် ပြည်သူများကို ကူညီကယ်ဆယ်ရေးလိုသူများအနေဖြင့် မြစ်ငယ် -စစ်ကိုင်းလမ်းကြား သူငယ်တော် ၊ လက်ပန်ဇင် ဘက်မှ ဘုံးအိုးကျေးရွာကို တိုက်ရိုက်ဝင်ရောက်နိုင်ကြောင်း၊ စစ်ကိုင်း -မန္တလေးကုန်သွယ်ရေးလမ်းမှ သံလမ်း အထိ လမ်းပိတ်ထားသောကြောင့် ကူညီပေးမည့်သူများအနေဖြင့် ဆရာဆဒန်၏ ဖုန်းနံပါတ် 09 400 38 78 66 နှင့် 09 987 788 893 ကို ဆက်သွယ် အကူအညီပေးနိုင်ကြောင်း သိရှိရသည်။