အကြမ်းဖက်စစ်ကောင်စီက ငလျင်ဘေးကူညီရေးဟုဆိုကာ စက်မှုဇုန်တစ်ဇုန်လျှင် ငွေကျပ်သိန်း ၂၀၀ အဓမ္မတောင်းခံ
ရန်ကုန်၊ မတ် ၃၁
အကြမ်းဖက်စစ်ကောင်စီက ငလျင်ဘေးကူညီရေးဟုဆိုကာ စက်မှုဇုန်တစ်ဇုန်လျှင် ငွေကျပ်သိန်း ၂၀၀ အဓမ္မတောင်းခံလာကြောင်း စစ်ကောင်စီက လှိုင်သာယာမြို့နယ်၊ ရွှေလင်ပန်း စက်မှုဇုန်ထံသို့ ပေးပို့သော စာအရ သိရှိရသည်။
မတ်လ ၂၈ ရက်နေ့ ဖြစ်ပွားခဲ့သော ငလျင်ဒဏ်ကြောင့် နေပြည်တော်၊ မန္တလေးနှင့် စစ်ကိုင်းတိုင်းတို့တွင် ပျက်စီး ဆုံးရှုံးမှုများနှင့် သေဆုံးထိခိုက်မှုများရှိကြောင်း၊ ထို့ကြောင့် ငလျင်ဘေးကူညီရေးအတွက် စစ်ကောင်စီက စက်မှုဇုန် တစ်ဇုန်လျှင် ငွေကျပ် သိန်း ၂၀၀ လှူဒါန်းရန် ပြောဆိုလာကြောင်း သိရှိရသည်။
ထို့ကြောင့် စက်မှုဇုန် လုပ်ငန်းရှင်များအနေဖြင့် ဧပြီလ ၄ ရက်နေ့ နောက်ဆုံးထား၍ စက်ရုံတစ်ရုံလျှင် ငွေကျပ် ၁ သိန်းနှုန်းဖြင့် လှူဒါန်းပေးရန် လှိုင်သာယာမြို့နယ်၊ ရွှေလင်ပန်းစက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီက နှိုးဆော်ထားသည်။
ရန်ကုန်တိုင်းအတွင်းတွင် စက်မှုဇုန် ၂၉ ဇုန်ရှိပြီး စက်မှုဇုန်များအားလုံးမှာလည်း လျှပ်စစ်မီး မရသဖြင့် လုပ်ငန်းများကို ယာယီရပ်နားထားရကြောင်း စက်မှုဇုန်လုပ်ငန်းရှင်များထံမှ သိရှိရသည်။
စလင်းမှာ အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်
မတ်လ ၃၁၊ The Nation Voice
သတင်း – ငြိမ်း
အာဏာသိမ်းစစ်တပ်က မကွေးတိုင်း၊ စလင်းမြို့နယ်ကို ဒီကနေ့ မနက် ၈ နာရီ ၁၂ မိနစ်ဝန်းကျင်မှာ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက The Nation Voice ကို ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ စလင်းမြို့နယ် တညောင်နယ်ဝန်းကျင်ကိုလေကြောင်းကနေ လေးကြိမ်နီးပါးတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
“ လေယာဉ်နဲ့ချသွားတယ်။ အခုပုန်းနေရတာ။ အခုလာပြန်ပြီ။ ပြန်ပုန်းလိုက်ဦးမယ်။ အခုဝဲနေတာ”လို့ တညောင်ဒေသခံ အမျိုးသမီးတစ်ဦးက ဒီကနေ့ မနက် ၈ နာရီခွဲဝန်းကျင်မှာ The Nation Voice ကို ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်မှုအခြေအနေကို The Nation Voice အနေနဲ့ ဆက်လက်စုံစမ်းနေဆဲပါ။
မကွေးမြို့လေတပ်ကနေ ဒီကနေ့ မနက် ၈ နာရီဝန်းကျင်မှာ ဂျက်ဖိုက်တာတစ်စင်း အနောက်မြောက်ဘက်ကို တက်သွားတယ်လို့လည်း မကွေးလေတပ်ကို စောင့်ကြည်နေတဲ့ The Nation Voice ရဲ့ သတင်းရင်းမြစ်ကပြောပါတယ်။
ပုံဟောင်းအသုံးပြုထားခြင်းဖြစ်သည်။