ငလျင်ဘေးနဲ့ စစ်ဘေးကြား သတင်းအမှောင်ချခံထားရတဲ့ မတ္တရာ
ကိုကော်ဖီ(CJ)/MFP၊ မတ် ၃၀
စစ်ကိုင်းမြို့အနီးကို ဗဟိုပြုပြီး မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးဟာ စစ်ကိုင်းမြို့၊ မန္တလေးမြို့တို့နဲ့ ထိစပ်နေတဲ့ မတ္တရာနယ်ကိုလည်း အပြင်းအထန် သက်ရောက်ခဲ့ပါတယ်။
လက်ရှိ မတ္တရာနယ်ရဲ့ အခြေအနေဟာ မြို့ပေါ်ကို စစ်အုပ်စုက ကြီးစိုးထားပြီး ကျေးလက်ဒေသ ကျေးရွာတွေကို တော်လှန်ရေး အင်အားစုတွေက စိုးမိုးထိန်းချုပ်ထားတာ ဖြစ်ပါတယ်။
စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသနဲ့ ထိစပ်နေတဲ့ မတ္တရာနယ် အနောက်ခြမ်း ဧရာဝတီမြစ်ရိုးဒေသ၊ မန္တလေးမြို့နဲ့ ထိစပ်နေတဲ့ မတ္တရာနယ် အရှေ့ခြမ်းဒေသတွေကို တော်လှန်ရေးတပ်တွေက စိုးမိုးထားတာ ဖြစ်ပြီး စစ်အုပ်စုက မတ္တရာမြို့ကို ကြီးစိုးထိန်းချုပ်ထားတာပါ။
ငလျင်ကြောင့် မတ္တရာနယ် အနောက်ခြမ်း မြစ်ရိုးကျေးရွာတွေမှာ ငလျင်ဒဏ်ကို ဆိုးဆိုးရွားရွား ခံစားခဲ့ရပြီး လူသေဆုံးတာ၊ အိုးအိမ်အဆောက်အအုံ ပျက်စီးတာတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက MFP ကို ပြောပါတယ်။
လွတ်မြောက်ဒေသအဖြစ် မှတ်ယူတဲ့ မတ္တရာနယ် အနောက်ခြမ်း မြစ်ရိုးတလျောက်က တော်လှန်ရေး တပ်တွေ စိုးမိုးထားတဲ့ ကျေးရွာတွေမှာ ငလျင်ဒဏ်ကြောင့် အဆောက်အဦ များစွာ ပြိုပျက်ပြီး လူသေဆုံးမှု တွေလည်း အများအပြား ရှိခဲ့တယ်လို့ ဆိုပါတယ်။
MFP က ကနဦး ရရှိထားတဲ့ အချက်အလက်တွေအရ မတ္တရာနယ် အနောက်ခြမ်းကျေးရွာတွေမှာ ငလျင်ကြောင့် ဒေသခံပြည်သူ ငါးဦး သေဆုံးပြီး ၃၀ ထက်မနည်း ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။
စစ်အုပ်စု ကြီးစိုးထားတဲ့ မတ္တရာမြို့ပေါ်မှာလည်း ငလျင်ကြောင့် သေဆုံးသူ လူ ၂၀ ထက်မနည်း ရှိတယ်လို့ ဒေသခံတွေက ဆိုပြီး စစ်အုပ်စုကတော့ တစုံတရာ ထုတ်ပြန်တာ မရှိဘဲ သတင်း အမှောင်ချ ထားပါတယ်။
ငလျင်ဒဏ်ကြောင့် မတ္တရာနယ်အနောက်ခြမ်း ကျေးရွာတွေက ကလေးသူငယ်နဲ့ စစ်ရှောင်ပြည်သူတွေ အပါအဝင် သေဆုံးသူ ငါးဦးရှိခဲ့ပြီး ဘုရားကျောင်းကန် ပျက်စီးမှုလည်း များပြားတယ်လို့ မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – မတ္တရာ ပကဖ က MFP ကို ပြောပါတယ်။
သေဆုံးသူတွေဟာ စကျင်ရွာတောင်ပိုင်း ရာဟုဂျောင်ရပ်ကွက်က မပြုံး၊ နတ်ကြီးစင်ရွာ စာသင်ကျောင်း ပြိုကျလို့ တံငါ(တောင်)ရွာက စစ်ရှောင်လာသူ ဒေါ်သန်းဌေး၊ ဆိပ်သာကျေးရွာ တောကျောင်းမှာ ပညာသင်နေတဲ့ အသက် ၁၂ နှစ်အရွယ် မပန်းသခင်၊ မြွေအံတော်ဘုရား ပြိုကျမှုကြောင့် မြွေပုသိမ်ကျေးရွာက မချောယုဝင်းနဲ့ သမီး မချောရတနာဗိုလ် တို့ သားအမိနှစ်ဦး၊ စုစုပေါင်း ငါးဦး ဖြစ်တယ်လို့ မတ္တရာ ပကဖ က ဆိုပါတယ်။
ငလျင်ကြောင့် မတ္တရာနယ် အနောက်ခြမ်းရှိ ရွှေသိမ်တော်၊ မြွေပုံကန် ကျေးရွာရှိ စိတ္တသုခကျောင်းသစ်၊ ရွာလယ်ကျောင်း၊ ရွှေဘုံသာဘုရား၊ ချမ်းသာကြီး/ချမ်းသာရဘုရား၊ ရွှေကျောင်းနဲ့ ချောင်းနားကျောင်းတို့ ပြိုကျ ပျက်စီးခဲ့ပါတယ်။
အဲ့ဒီ မတ္တရာနယ် အနောက်ခြမ်းက ငလျင်ဒဏ် ခံစားနေရတဲ့ ပြည်သူတွေဟာ စစ်ဘေးဒဏ်ကိုလည်း ခံစားနေရပါတယ်။
ဧရာဝတီမြစ်ရိုးတလျှောက်နဲ့ မတ္တရာအနောက်ခြမ်းက ကျေးရွာတွေမှာ နေထိုင်ကြတဲ့ ပြည်သူတွေဟာ လယ်ယာလုပ်ငန်းနဲ့ ကွမ်းခြံစိုက်ပျိုးရေး လုပ်ငန်းကို အဓိက လုပ်ကိုင်ကြပါတယ်။
မတ္တရာနယ် အနောက်ခြမ်းဟာ ဧရာဝတီမြစ်ကြောင်း စိုးမိုးနယ်မြေဖြစ်သလို မန္တလေးနဲ့ စစ်ကိုင်းကြား ကူးလူးဆက်ဆံရာမှာ အရေးပါမှု ရှိပါတယ်။
၂၀၂၃ အောက်တိုဘာမှာ မြောက်ပိုင်းညီနောင် သုံးဖွဲ့ရဲ့ ၁၀၂၇စစ်ဆင်ရေး စတင်ချိန်ကတည်းက မတ္တရာနယ် အနောက်ခြမ်း ကျေးရွာတွေကို စစ်အုပ်စုက လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ လေကြောင်း ဗုံးကြဲ သတ်ဖြတ်တာတွေ နေ့စဉ်နီးပါး ကျုးလွန်နေပါတယ်။
စစ်အုပ်စုရဲ့ လက်နက်ကြီးနဲ့ လေကြောင်း အန္တရာယ်ကြောင့် မတ္တရာနယ် အနောက်ခြမ်းကျေးရွာတွေက ထောင်သောင်းချီတဲ့ ပြည်သူတွေ လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကတည်းက စစ်ဘေးရှောင် ထွက်ပြေး နေကြရပြီး လက်နက်ကြီးနဲ့ ဗုံးထိလို့ သေဆုံးသူ၊ ဒဏ်ရာရသူလည်း အများအပြား ရှိခဲ့ပါတယ်။
ယခု ငလျင်ဘေး မဖြစ်မီကတည်းက မတ္တရာနယ် အနောက်ခြမ်း ကျေးရွာတွေက ပြည်သူတွေ ရွာထဲမှာ အေးအေးချမ်းချမ်း မနေရဲဘဲ စစ်ဘေးရှောင်နေရပြီး နေထိုင်စားသောက်ရေးနဲ့ ဆေးဝါးကုသခွင့် ခက်ခဲနေကြတာ ဖြစ်ပါတယ်။
လက်ရှိမှာ ငလျင်ဘေးကြောင့် အိုးအိမ်တွေ ထိခိုက်ပျက်စီးပြီး ဒေသခံတွေ အနေနဲ့ ကွင်းပြင်တွေမှာ ယာယီ တဲထိုးပြီး နေနေကြရတယ်လို့ ဆိုပါတယ်။
မတ္တရာမြို့နယ်က ပြည်သူတွေ ငလျင်ဒဏ်ကို အလူးအလဲ ခံနေရချိန် မတ်လ ၂၈ရက် မွန်းလွဲပိုင်းက ငလျင်လှုပ်ပြီး နှစ်နာရီခန့်အကြာမှာပဲ စစ်အုပ်စုက လက်နက်ကြီးနဲ့ ထုသတ်လို့ စစ်ဘေးရှောင်ပြည်သူ အမျိုးသမီးတစ်ဦး သေဆုံးပြီး လေးဦး ဒဏ်ရာရခဲ့ပါတယ်။
မတ်လ ၂၈ရက် မွန်းလွဲ ၃နာရီကျော်အချိန် မတ္တရာမြို့ပေါ်နဲ့ ပန်းယျကျေးရွာထဲ အထိုင်ချထားတဲ့ စစ်အုပ်စုက မတ္တရာမြို့နယ် ဧရာဝတီမြစ်ကမ်း ကျေးရွာတွေဘက် လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ ဖြစ်ပြီး မြစ်ရိုးကျေးရွာ တစ်ရွာမှာ စစ်ဘေးရှောင်နေထိုင်တဲ့ မသူသူအေး ဆိုသူ အမျိုးသမီးတစ်ဦး ထိမှန် သေဆုံးကာ နောက်ထပ် လေးဦး ဒဏ်ရာရခဲ့တာပါ။ ဒဏ်ရာရသူတွေထဲက မဝိုင်းဆိုသူဟာလည်း စိုးရိမ်ရတယ်လို့ မတ္တရာ ပကဖ တာဝန်ရှိသူတစ်ဦးက MFP ကို ပြောပါတယ်။
မတ္တရာမြို့နယ် ဧရာဝတီမြစ်ကမ်း ကျေးရွာတွေဟာ ငလျင်ဗဟိုချက် ကျရောက်နေတဲ့ စစ်ကိုင်း၊ မင်းကွန်းနယ်နဲ့ ထိစပ်နေတာ ဖြစ်ပြီး ဒေသခံပြည်သူတွေ ငလျင်ဒဏ်ကို အလူးအလဲ ခံနေရချိန် စစ်အုပ်စုက လက်နက်ကြီးနဲ့ ထုသတ်တာလို့ ဆိုပါတယ်။
ဒါ့အပြင် စစ်အုပ်စုက လက်နက်ကြီးနဲ့ ထုနေလို့ မတ္တရာနယ်ထဲ ငလျင်ဘေး ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ အပြည့်အဝ လုပ်ဆောင်နိုင်ခြင်း မရှိသေးဘူးလို့ မတ္တရာ ပကဖ က ပြောပါတယ်။
လက်ရှိမှာတော့ ငလျင်ဒဏ်သင့် ပြည်သူတွေအတွက် ရနိုင်သလောက် ကူညီကယ်ဆယ်ရေး ပြုလုပ်နေတယ်လို့လည်း မတ္တရာ ပကဖ က ဆိုပါတယ်။
ပြင်းအားမြင့် ငလျင်ကြောင့် မန္တလေးနဲ့ စစ်ကိုင်း အပါအဝင် နိုင်ငံတဝန်း လူထောင်နဲ့ချီ သေဆုံးကာ ထောင်သောင်းချီ ပျောက်ဆုံးနေချိန် စစ်အုပ်စုက မတ္တရာနယ် အပါအဝင် တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားတဲ့ မြို့၊ ရွာတွေကို လက်နက်ကြီးနဲ့ ထုတာ၊ တိုက်လေယာဉ်နဲ့ ဗုံးကြဲတာတွေ ဆက်လက် ကျူးလွန်နေဆဲ ဖြစ်ပါတယ်။ မတ်လ ၂၈ရက် မွန်းလွဲပိုင်းကလည်း စစ်အုပ်စုက နောင်ချိုမြို့ကို တိုက်လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်လို့ ဓနုပြည်သူ့ လွတ်မြောက်ရေး တပ်မတော်-DPLA တပ်ဖွဲ့ဝင် ရဲမေ ခြောက်ဦးနဲ့ ရဲဘော် တစ်ဦး၊ စုစုပေါင်း ခုနှစ်ဦး ကျဆုံးခဲ့ပါတယ်။
မတ္တရာနယ်က ပြည်သူတွေ အနေနဲ့ လတ်တလောမှာ ငလျင်ကြောင့် ပြိုပျက်သွားတဲ့ အိုးအိမ်တွေကို ပြန်လည် တည်ဆောက်ဖို့ မဖြစ်နိုင်သေးဘဲ နေစဉ် ထမင်းနပ်မှန်အောင် စားရဖို့ကိုပဲ ရုန်းကန် ရလိမ့်ဦးမယ်လို့ ဒေသခံတွေက ပြောပါတယ်။
စားဝတ်နေရေး ခက်ခဲနေပြီး ငလျင်ဒဏ်သာမက စစ်အုပ်စုရဲ့ လက်နက်ကြီး အန္တရာယ်ကြောင့် မတ္တရာနယ် အနောက်ခြမ်း ကျေးရွာတွေက ဒေသခံပြည်သူတွေ အသက်ရှင်သန် ရပ်တည်နိုင်ရေး ခက်ခဲ ရုန်းကန်နေကြရပါတယ်။
ငလျင်ဒဏ်ကြောင့် မတ္တရာနယ် အနောက်ခြမ်း ကျေးရွာတွေက ဘုရားစေတီ၊ သာသနိက အဆောက်အအုံနဲ့ အိုးအိမ်တွေ ထိခိုက်ပျက်စီးကာ ဒေသခံတချို့ သေဆုံးစဉ်/Photo – ပေးပို့