ရန်ကုန်တွင် တစ်ရက်လျှင် ၂ နာရီသာ အလှည့်ကျ လျှပ်စစ်မီးရရှိတော့ပြီး သုံးရေ လုံးဝ ပြတ်တောက်နေ

by

in

ရန်ကုန်တွင် တစ်ရက်လျှင် ၂ နာရီသာ အလှည့်ကျ လျှပ်စစ်မီးရရှိတော့ပြီး သုံးရေ လုံးဝ ပြတ်တောက်နေ
ရန်ကုန်၊ မတ် ၃၀
ရန်ကုန်မြို့တွင် တစ်ရက်လျှင် ၂ နာရီသာ အလှည့်ကျ လျှပ်စစ်မီး ရရှိတော့ပြီး သုံးရေ လုံးဝ ပြတ်တောက်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မတ် ၂၈ ရက်နေ့တွင် မန္တလေးမြို့ကို ဗဟိုပြု၍ အင်အား ၇.၇ အဆင့်ရှိ အင်အားအလွန်ပြင်းထန်သော မြေငလျင်လှုပ်ခတ်ပြီးနောက် မတ်လ ၂၉ ရက်နေ့မှ စ၍ တစ်ရက်လျှင် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များကို အုပ်စု ၆ စုခွဲ၍ တစ်အုပ်စုလျှင် ၄ နာရီနှုန်းဖြင့် လျှပ်စစ်ဓာတ်အားပေးနိုင်တော့မည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ် ဓာတ် အားပေးရေး ကော်ပိုရေးရှင်း(YESC) က ထုတ်ပြန်ခဲ့သည်။
သို့သော် လက်ရှိချိန်တွင် ရန်ကုန်မြို့၌ တစ်ရက်လျှင် ၂ နာရီခန့်သာ လျှပ်စစ်မီး အလှည့်ကျရရှိပြီး သုံးရေများပါ ပြတ်တောက်နေခြင်းဖြစ်ကြောင်း ဒေသပြည်သူများထံမှ သိရသည်။
” ရန်ကုန်မှာ လက်ရှိကတော့ ငလျှင်လှုပ်ပြီး နောက်ပိုင်း သုံးရေ မရတော့ဘူး။ မီးက ၄ နာရီ ဆိုတာကလည်း ၄ နာရီ အပြည့်မရတော့ဘူး။ ၂ နာရီလောက်ပဲရတယ်။ တချို့နေရာတွေ ၂ နာရီတောင် မီးမရဘူး။ တိုက်ခန်းတွေဆို ပိုဆိုးတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
မြေငလျင်ဒဏ်ကြောင့် ဓာတ်အား ထုတ်လုပ် ပို့လွှတ်လျှက်ရှိသည့် ဓာတ်အားပေး စက်ရုံ၊ ခွဲရုံနှင့် ဓာတ်အားလိုင်းများ ဓာတ်လွှတ်ပစ္စည်းများ ချို့ယွင်း ပျက်စီးမှုဖြစ်ပေါ်ခဲ့၍ ဓာတ်အား ချိတ်ဆက်ပို့လွှတ်နိုင်ခြင်း မရှိစဉ်ကာလအတွင်း ဓာတ်ငွေ့ ဓာတ်အားပေးစက်ရုံများက ဓာတ်အား ထုတ်လုပ် ဖြန့်ဖြူးနိုင်ရန် ကြိုးပမ်း စီမံဆောင်ရွက်လျက်ရှိကြောင်း YESC က ထုတ်ပြန်ထားသည်။